Home
မြန်မာသတင်း
ဘန်ကောက်လူဦးရေ ၇၀ ရာခိုင်နှုန်းကျော် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပြီး
DVB
·
October 20, 2021

ထိုင်းနိုင်ငံမြို့တော်ဘန်ကောက်လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းကျော်ဖြစ်တဲ့ လူပေါင်း ၅ ဒသမ ၄၃ သန်းဟာ ကိုဗစ်-၁၉ ကာကွယ်ဆေး ၂ ကြိမ်အပြည့်ထိုးပြီးဖြစ်တယ်လို့ သိရပါတယ်။

ဘန်ကောက်ဒုမြို့တော်ဝန် ဆိုဖွန် ဖီဆူသီဝေါင်က မြို့တော်အနေနဲ့ လာမယ့်လထဲ အစိုးရရဲ့ မူဝါဒနဲ့အညီ ကာကွယ်ဆေးအပြည့်အဝ ထိုးပြီးသူ ခရီးသွားတွေကို လက်ခံခွင့်ပြုဖွင့်လှစ်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဘန်ကောက်မှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှုအသစ် ၁,၀၃၇ ယောက်နဲ့ သေဆုံးသူ ၁၀ ယောက်ထက်မနည်းရှိခဲ့ပြီး ကူးစက်ခံရသူတွေထဲက ၈၀၀ ကျော်ဟာ မြို့တော်မှာနေထိုင်သူတွေဖြစ်ကာ ကျန်တဲ့ ၂၀၀ ကျော်ကတော့ တခြားခရိုင်တွေက လာရောက်နေထိုင်သူတွေဖြစ်တယ်လို့ ဆိုပါတယ်။

ကာကွယ်ဆေး ထိုးရာမှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၈ ရက်နေ့အထိ ဘန်ကောက်မှာ အနည်းဆုံး ၁ ကြိမ်ကာကွယ်ဆေး ထိုးပြီးသူ စုစုပေါင်း ၈ ဒသမ ၁၃ သန်း ရှိနေတယ် လို့ ဆိုပါတယ်။

လတ်တလောမှာတော့ ကာကွယ်ဆေး ၂ ကြိမ်အပြည့်ထိုးပြီးသူ  ၇၀ ဒသမ ၆၃ ရာခိုင် နှုန်းကျော်ရှိနေပြီး အခုလကုန်မှာ ဘန်ကောက်လူဦးရေရဲ့ ၈၀ ရာခိုင်နှုန်း ကာကွယ်ဆေး ၂ ကြိမ်ထိုးပြီးဖို့ ရည်မှန်းထားတယ်လို့ ဒုမြို့တော်ဝန်က ပြောပါတယ်။

ဘန်ကောက်မြို့တော် စီမံအုပ်ချုပ်ရေးအဖွဲ့ကတော့ အောက်တိုဘာ ၁၄ ရက်နဲ့ ၁၅ ရက် နေ့တွေမှာ ရှော့ပင်းမောလ်တွေက လုပ်ငန်း ၂၄၇ ခုကို စစ်ဆေးခဲ့ရာမှာ အဲဒီထဲက ၂၄၄ ခု က ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ လိုက်နာကြတာ တွေ့ရှိကြရတယ်လို့ ပြောပါတယ်။

ထိုင်းနိုင်ငံတဝန်းမှာတော့ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၁ ဒသမ ၈ သန်းကျော်၊ သေဆုံးသူ ၁၈,၀၀၀ ကျော်နဲ့ အာဆီယံဒေသတွင်း ကူးစက်မှုအမြင့် ဆုံး ထိပ်တန်း ၅ နိုင်ငံထဲမှာ ပါဝင်နေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024