မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ် ၈၇ လမ်း၊ မဟာအောင်မြေကျောက်မျက်ရတနာ ရောင်းဝယ်ရေးစခန်း (ကျောက်ဝိုင်း) ရှေ့မှာ အောက်တိုဘာ ၁၉ ရက် မနက် ၁၀ နာရီကျော်က ဗုံးပေါက်ကွဲခဲ့ပြီး ပျက်စီးဆုံးရှုံးတာနဲ့ ထိခိုက်ဒဏ်ရာရတာ မရှိခဲ့ဘူးလို့ သိရပါတယ်။
ပေါက်ကွဲမှုဖြစ်ပြီး မကြာခင်မှာ စစ်ကောင်စီ လက်နက်ကိုင်တပ်တွေ ရောက်လာပြီး သေနတ် နှစ်ချက်ဖောက်ကာ အနီးနားမှာ စစ်ဆေးခဲ့တယ်လို့ ကျောက်သမားတချို့က ဆိုကြပါတယ်။
စစ်ကောင်စီလက်အောက်ခံ မန္တလေးမြို့တော်စည်ပင်က ကျောက်ဝိုင်း ပြန်လည်ဖွင့်လှစ်ကာ အခွန်ကောက်နေတဲ့အတွက် မန္တလေးမြို့ခံ ကျောက်မျက်လုပ်ငန်းလုပ်ကိုင်သူ စီးပွားရေးသမားတွေ အနေနဲ့ ကျောက်ဝိုင်းအတွင်း ဝင်ရောက်ပြီး အရောင်းဝယ်လုပ်တာ၊ စစ်ကောင်စီကို အခွန်ပေး ဆောင်တာတွေ မလုပ်ဖို့နဲ့ ကျောက်ဝိုင်းအတွင်း ဝင်ရောက်လုပ်ကိုင်ပါက အသက်အန္တရာယ် စိုးရိမ်ရတယ်ဆိုတဲ့အကြောင်း အောက်တိုဘာလ (၁၂) ရက်နေ့မှာ GZP ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။