ထိုင်းတောင်ပိုင်း၊ ရနောင်းခရိုင်မှာ ဂိုဒေါင်ဟောင်းတခုအတွင်း ၃ ရက်ကြာပုန်းခိုနေတဲ့ တရားမဝင်မြန်မာ ရွှေ့ပြောင်းလုပ်သား ၁၅ ဦး ဆာလောင်လို့ မုန့်ထွက်ဝယ်ရာက ထိတာဝန်ရှိသူတွေရဲ့ ဖမ်းဆီးမှုကို ခံလိုက်ရပါတယ်။
ရနောင်းမြို့နယ်၊ ပါက်နမ့်အုပ်စု၊ ဘန့်ဟင်ချန့်ရွာထဲမှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၆ ရက်နေ့က မသင်္ကာဖွယ်လူတချို့ မုန့်တွေအများကြီးလာဝယ်သွားကြောင်း ရွာသားတွေက သက်ဆိုင်ရာကို အ ကြောင်းကြားလာတဲ့အတွက် နယ်မြေခံရဲ၊ စစ်တပ်နဲ့ အုပ်ချုပ်ရေးရုံးတာဝန်ရှိသူတွေက အဆိုပါ ရွာစွန်ရှိ ရာဘာသိုလှောင်တဲ့ ဂိုဒေါင်ဟောင်းတစ်ခုကို သွားရောက်စစ်ဆေးခဲ့တယ်လို့ ရနောင်းမြို့ နယ် လုံခြုံရေးတာဝန်ရှိသူမှ သတင်းထောက်တွေကို ပြောပါတယ်။
တာဝန်ရှိသူတွေ ရောက်သွားချိန်မှာ လူတစ်ယောက်က ခြံစည်းရိုးကို ခုန်ကျော်ကာ ထွက်ပြေး လွတ်မြောက်သွားကြောင်း၊ ကျန်သူတွေမှာ ကျား ၁၀ ဦး၊ မ ၄ ဦးနဲ့ ကလေး ၁ ယောက်တို့ဖြစ်ပြီး မြန်မာပြည်ဘက်ကနေ ပွဲစားကို တစ်ဦးလျှင် ဘတ် ၂၀၀၀၀ စီပေးပြီး လှေနဲ့ ထိုင်းနိုင်ငံထဲ ဝင်လာတာလို့ ဆိုပါတယ်။
ပွဲစားက သူတို့ကို အဆိုပါ ဂိုဒေါင်ဟောင်းထဲ ၃ ရက်လာပစ်ထားပြီး စားစရာလည်းမရှိလို့ မုန့်ထွက်ဝယ်တာလို့ အဖမ်းခံရသူတွေက ပြောပါတယ်။ တာဝန်ရှိသူတွေက သူတို့ကို ဖမ်းဆီးထား ပြီး ပါဝင်ပတ်သက်သူတွေကို ဆက်လက်စုံစမ်းနေတယ်လို့ ဆိုပါတယ်။
အလားတူ ရနောင်းကနေ ချွန်းဖွန်းခရိုင်ထဲသွားမယ့် နောက်ထပ်မြန်မာ ၁၆ ဦးလည်း ဒီကနေ့ မနက်စောစောက ဖမ်းဆီးခံလိုက်ရပါတယ်။
နယ်မြေထဲမှာ တရားမဝင် ဝင်လာသူတွေရှိကြောင်း သတင်းပေးချက်ရရှိတဲ့အတွက် သက်ဆိုင်ရာ တာဝန်ရှိသူတွေပါတဲ့ ပူးပေါင်းအဖွဲ့ဟာ ရနောင်းခရိုင် ကရပူရီမြို့နယ်ရှိ ဆီအုန်းခြံ တစ်ခုထဲ သွားရောက်စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါခြံထဲမှာ ဆိုင်ကယ် ၂ စီးနဲ့ လိုက်ပါလာသူ ၄ ယောက်ကို မသင်္ကာလို့ ရပ်တန့်စစ်ဆေးရာမှာတော့ ဆိုင်ကယ်မောင်းသူ ၂ ဦးမှာ ထိုင်းဖြစ်ပြီး တရားမဝင်အလုပ်သမား ၄ ယောက်ကို ခလောင်းဝမ်းရွာမှာ သွားကြိုလာကြောင်း သူတို့ကို ချွန်းဖွန်းခရိုင်ထိ ပို့ပေးဖို့ဖြစ်တယ်လို့ ပြောပါတယ်။
ဒါ့အပြင် နောက်ထပ် သွားမယ့်အလုပ်သမားတွေလည်း တောထဲမှာရှိနေသေးကြောင်း ဖွင့်ဟဝန်ခံလို့ ကျန်သူတွေကိုလည်း တောထဲလိုက်ဖမ်းရာ နောက်ထပ် ၁၂ ဦးနဲ့ စုစုပေါင်း ၁၆ ဦးဖမ်းမိခဲ့ပါတယ်။
ဖမ်းဆီးခံရသူတွေပြောပြချက်အရ သူတို့ဟာ ထိုင်းထဲဝင်ရောက်နိုင်ဖို့ မြန်မာဘက်ခြမ်း ခမောက်ကြီးရွာမှာ ၄ ရက်ကြာစောင့်ဆိုင်းခဲ့ရာက ဒီမနက် ၂ နာရီခွဲမှာ လှေနဲ့ ဝင်လာပြီးကမ်းကပ်တော့ တောထဲမှာ လမ်းဆက်လျှောက်ရကြောင်း၊ ထိုင်းကိုဝင်လာဖို့ ပွဲစားခ ၁ တစ်ဦးလျှင် ဘတ် ၁၈၀၀၀ စီပေးခဲ့ရတယ်လို့ ဆိုပါတယ် ။
ဒါ့အပြင် ပြီးခဲ့တဲ့ အောက်တိုဘာ ၁၄ ရက် ညကလည်း ထိုင်းအနောက်ပိုင်း ပရကျူတ်ခရီရီခန်ခရိုင် အောဝ်နွဲ့ မြို့နယ်ထဲမှာတရားမဝင်ဝင်ရောက်လာတဲ့ မြန်မာလုပ်သား ၅၄ ဦးဖမ်းဆီးခံခဲ့ ရပါသေးတယ်။
မြန်မာနိုင်ငံထဲမှာစစ်အာဏာသိမ်းမှုကြောင့်ရော၊ ကိုဗစ်-၁၉ ရောဂါကူးစက်မှုတွေကြောင့်ပါ မြန်မာနိုင်ငံသားတွေဟာ စားဝတ်နေရေးအခက်အခဲကြောင့် ထိုင်းနိုင်ငံထဲကို နေ့စဉ်နဲ့အမျှတရားမဝင် ဝင်ရောက်နေကြတာဖြစ်ပြီး ထိုင်းအာဏာပိုင်တွေလည်း နယ်စပ်လုံခြုံရေးကို ပိုမိုတိုးမြှင့်ချထားပါတယ်။