Home
မြန်မာသတင်း
တောင်တွင်းကြီးတွင် ဧည့်စာရင်းကြေး ၃၀၀၀ ကျပ် တောင်းခံနေ
DVB
·
October 17, 2021

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့က ရပ်ကွက်တွေမှာ ညအိပ်ညနေ လာရောက်သူတွေ ဧည့်စာရင်းတိုင်ရပြီး ဧည့်စာရင်းကြေး ၃၀၀၀ ကျပ်တောင်းခံနေတာကြောင့် ပြည်သူတွေ အခက်အခဲဖြစ်နေကြရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံလုပ်ငန်းရှင်တဦးက “ကျနေ့ာ်ဆီက ကားအဝင်အထွက်များတော့ ဧည့်သည်လည်းများတယ်။ အခုနောက်ပိုင်း စစ်တပ်က အာဏာသိမ်းလိုက်မှ ဧည့်စာရင်းတိုင်ရတဲ့အလုပ်ကပိုလာတယ်။ နောက်ပြီး ဧည့်စာရင်းတိုင်ရရင်လည်း ဧည့်သည် ၁ ယောက်ကို ၃၀၀၀ နှုန်းပေးနေရတယ်'' လို့ ပြောပြပါတယ်။

တောင်တွင်းကြီးမြို့မှာ မြို့ပေါ်မှာရပ်ကွက် ၁၀ ခုရှိပြီး စစ်ကောင်စီကခန့်တဲ့ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးနဲ့ ဒလန်သတင်းပေးလုပ်နေသူတွေက ကောက်ခံနေတာလို့ သိရပါတယ်။

''ရပ်ကွက်ရုံးကို ဧည့်စာရင်းသွားတိုင်ချိန်မှာတော့ မတောင်းဘူးပေါ့။ နောက်ပြီးမှ ရာအိမ်မှူးနဲ့ ဒလန်တွေက ဧည့်စာရင်းလာတိုင်တဲ့အိမ်တွေကို လိုက်တောင်းတာ။ ဧည့်သည် ၁ ယောက်ကို ၃၀၀၀ နှုန်း တောင်းပြီး သောက်စားမူးရူး ရပ်ကွက်ထဲလှည့်ပတ်ပြီး ပြည်သူကိုအော်ဟစ်ကြိမ်းမောင်းနေတာဗျာ။ ဥပဒေဆိုတာ မရှိတော့ဘူး။ ပြည်သူတွေ ကြပ်တည်းနေချိန်ဆိုတာ လူလိုမသိတဲ့သူတွေပါဗျာ'' ဒေသခံတဦးဆီက သိရပါတယ်။

တောင်တွင်းကြီးမြို့မှာ မြို့ပေါ် ၁၀ ရပ်ကွက်ရှိတဲ့အနက်က စစ်ကောင်စီကခန့်တဲ့အုပ်ချုပ်ရေးမှူး ၁ ဦးထဲသာ နုတ်ထွက်ထားတာလို့ ဒေသခံတွေဆီက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024