အာဆီယံဆုံးဖြတ်ချက်အပေါ် လွန်စွာစိတ်ပျက်၊ ပြင်းထန်စွာကန့်ကွက်၊ ဘေးထွက်ဆိုးကျိုး ဖြစ်စေမည်ဟု စစ်ကောင်စီတုံ့ပြန်

အာဏာသိမ်း စစ်ခေါင်းဆောင်ကို အာဆီယံထိပ်သီးညီလာခံတက်ခွင့်မပြုဖို့ အာဆီယံက ဆုံးဖြတ်လိုက်တာနဲ့ ပတ်သက်ပြီး လွန်စွာစိတ်ပျက်မိပြီး ပြင်းထန်စွာ ကန့်ကွက်တဲ့အကြောင်း စစ်ကောင်စီ နိုင်ငံခြားရေးဌာနက အောက်တိုဘာ ၁၆ ရက်ဒီကနေ့ ထုတ်ပြန် ကြေညာပါတယ်။

မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို အခုလကုန်ပိုင်း ကျင်းပမယ့် အာဆီယံထိပ်သီးညီလာခံမှာ ပါတက်ရောက်ဖို့ ဖိတ်ကြားမှာမဟုတ်ဘဲ နိုင်ငံရေးနယ်ပယ်ကမဟုတ်သူ တဦးကို ဖိတ်ကြားသွားဖို့ မနေ့က အွန်လိုင်းကနေ ကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အရေးပေါ်အစည်းအဝေးကနေ ဆုံးဖြတ်ခဲ့တာပါ။ 

အဆိုပါအစည်းအဝေးမှာ အာဆီယံအဖွဲ့ဝင် နိုင်ငံတချို့က ဆွေးနွေးပြောကြားခဲ့တဲ့ အာဆီယံအစည်းအဝေးများ တက်ရောက်ရေးကိစ္စအပါအဝင် ကိုယ်စားပြုမှုဆိုင်ရာကိစ္စတွေနဲ့ တူညီဆန္ဒမရှိဘဲ ဆောင်ရွက်ခဲ့မှုတွေဟာ  အာဆီယံရဲ့ ပဋိညာဉ်စာတမ်းနဲ့ အခြေခံမူတွေမှာ ပြဋ္ဌာန်းထားတာ မရှိတာ၊ အာဆီယံရဲ့ ရည်ရွယ်ချက်တွေနဲ့ ဆန့်ကျင်တာ တွေ့ရှိရတဲ့အတွက် မြန်မာနိုင်ငံအနေနဲ့ လွန်စွာစိတ်ပျက်မိပြီး၊ ပြင်းထန်စွာ ကန့်ကွက်တယ်လို့  စစ်ကောင်စီ နိုင်ငံခြားရေးဌာနက ဆိုပါတယ်။

လက်ရှိအာဏာသိမ်းစစ်ကောင်စီဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ နိုင်ငံတော်ရဲ့ အာဏာကို ရယူကျင့်သုံးနေတဲ့ အစိုးရဖြစ်ကြောင်း၊ မြန်မာအစိုးရရဲ့ အုပ်ချုပ်နေမှုအပေါ် ဥပဒေကြောင်းအရ မေးခွန်းထုတ်ဖို့ အကြောင်းမရှိကြောင်း၊ အခုကိစ္စနဲ့ အထူးကိုယ်စားလှယ်ရဲ့ ခရီးစဉ်ကို ချိတ်ဆက်ဆောင်ရွက်တာဟာ မြန်မာနိုင်ငံအပေါ် ဖိအားပေးတာ ဖြစ်လို့ ဘေးထွက်ဆိုးကျိုးတွေဟာ ဖြစ်စေမှာ ဖြစ်ကြောင်းနဲ့ တူညီဆန္ဒမရှိဘဲ ဆောင်ရွက်ခဲ့မှုအပေါ် မြန်မာနိုင်ငံက သဘောမတူကြောင်းနဲ့  ဒီကန့်ကွက်ချက်ကို မှတ်တမ်းတင်ပေးဖို့  ပြောကြားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အထူးအစည်းအဝေးကို အောက်တိုဘာ ၁၅ ရက်နေ့က ဗီဒီယိုကွန်ဖရင့်နဲ့ ကျင်းပခဲ့ရာမှာ စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဉီးဝဏ္ဏမောင်လွင် လည်း ပါဝင် တက်ရောက်ခဲ့တာဖြစ်ပါတယ်။

အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံရဲ့ ဒီကနေ့ ထုတ်ပြန်ချက်မှာတော့ နိုင်ငံတနိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်မစွက်ရေး အာဆီယံမူကို ကိုင်စွဲပြီး မြန်မာကို သူ့ပြည်တွင်းရေးကိစ္စတွေ ပုံမှန်ပြန်ဖြစ်အောင်နေရာပေးတဲ့အနေနဲ့ လာမယ့်ထိပ်သီးညီလာခံမှာ နိုင်ငံရေးနဲ့မဆိုင်တဲ့ မြန်မာကိုယ်စားလှယ် ၁ ဦးကို ဖိတ်ကြားဖို့ ဆုံးဖြတ်လိုက်တာလို့ ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံဟာ အာဆီယံရဲ့ အရေးပါတဲ့  မိသားစုအဖွဲ့ဝင်အဖြစ် အာဆီယံဝန်ကြီးတွေက ထပ်လောင်းပြောခဲ့ကြပြီး  မြန်မာနိုင်ငံအနေနဲ့ အာဆီယံ ဘုံသဘောတူညီချက် ၅ ချက် နဲ့ ကတိကဝတ်တွေကို အကောင်အထည်ဖော်ရာမှာ လုံလောက်တဲ့ တိုးတက်မှုမရှိခဲ့ကြောင်း အထူးသဖြင့် သက်ဆိုင်သူတွေအားလုံးနဲ့ အပြုသဘော တွေ့ဆုံဆွေးနွေးရေး စတင်လုပ်ဆောင်မှုမရှိကြောင်း အာဆီယံဝန်ကြီးတွေက ပြောပါတယ်။

အမေရိကန် နိုင်ငံခြားရေးဌာနက တာဝန်ရှိသူကတော့ မြန်မာစစ်ခေါင်းဆောင်ကို အာဆီယံထိပ်သီးညီလာခံမှာ ပါဝင်တက်ရောက်ခွင့်မပေးတာဟာ လုံးဝ သင့်လျော် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်လို့ အောက်တိုဘာ ၁၅ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

Photo-MOFA

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up