မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့က စစ်ကောင်စီ သတင်းပေးအဖြစ် နာမည်ကြီးတဲ့ ကိုရဲဝင်းဟာ အောက်တိုဘာ ၁၅ ရက် ညနေပိုင်းမှာ သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကိုရဲဝင်းဟာ သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် ဦးခေါင်းနောက်စေ့ကျည်ထိဒဏ်ရာရပြီး အခင်းဖြစ်နေရာမှာပဲ ပွဲချင်းပြီး သေဆုံးသွားခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီ သတင်းပေးဖြစ်သူ ကိုရဲဝင်းကို ကျိုက်ထိုတော်လှန်ရေးအင်အားစုရဲ့ သိမ်ဇရပ် Local PDF က သုတ်သင်ရှင်းလင်းခဲ့တာ ဖြစ်တယ်လို့ အတည်ပြု ထုတ်ပြန်ပါတယ်။
ဒါ့အပြင် စစ်ကောင်စီရဲ့ လက်ပါးစေတွေ၊ သတင်းပေးဒလန်တွေနဲ့ စစ်ကောင်စီ ထောက်တိုင်တွေကို ဆက်လက် တိုက်ခိုက်ချေမှုန်းသွားမယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစုက ဆိုပါတယ်။
သိမ်ဇရပ်မြို့မှာတော့ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနဲ့ စစ်ကောင်စီ သတင်းပေး ၇ ဦးထက်မနည်း ပစ်သတ်ခံထားရပါတယ်။