ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ တောင်ဘက် ရွာသစ်ကျေးရွာကို အကြမ်းဖက် စစ်ကောင်စီရဲ့တပ်က လက်နက်ကြီးနဲ့ပစ်ခတ်လို့ လူနေအိမ်တွေပျက်စီးပြီး တိရစ္ဆာန်တွေ ထိမှန် သေဆုံးတာတွေရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အောက်တိုဘာလ ၁၄ ရက်မနက် ၁၁ နာရီလောက်က ကော့ကရိတ်မြို့အထွက်နားက နယ်မြေခံတပ်ရင်းဖြစ်တဲ့ ခမရ ၂၃၀ က လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာပါ။
ရွာသစ်ကျေးရွာသားတစ်ဦးက"လက်နက်ကြီးပစ်တာကတော့ တိုက်ပွဲစဖြစ်တဲ့နေ့ကတည်းက ပစ်နေတာ။ ဒီမနက်ပစ်တဲ့ လက်နက်ကြီးတွေက ရွာထဲက နေအိမ်နှစ်လုံးပေါ် ကျရောက်ပေါက်ကွဲလို့ အိမ်တွေတော့ ပျက်စီးသွားတယ်။ လူတွေက အိမ်မှာမရှိလို့ တော်သေးတယ်။ အိမ်မွေး တိရစ္ဆာန်တွေတော့ ထိကုန်တယ်။တိုက်ပွဲစဖြစ်တည်းက လူတွေက ထွက်ပြေးတိမ်းရှောင်နေရတယ်"လို့ ပြောပါတယ်။
အောက်တိုဘာ ၉ ရက်မှ ၁၂ ရက်အထိ ရွာသစ်ကျေးရွာအနီး နယ်မြေကျူးကျော်ဝင်ရောက်လာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ ကေအန်ယူတို့ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ ခမရ ၅၅၆ တပ်ရင်းက ဗိုလ်အပါအဝင် ၁၁ ဦးကျဆုံးပြီး ၂၄ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ကေအန်ယူက သတင်းထုတ်ပြန်ထားပါတယ်။
အဆိုပါ တိုက်ပွဲဖြစ်ပွားနေစဥ်အတွင်း အကြမ်းဖက်စစ်တပ် ခမရ- ၅၅၆ က လက်နက်ကြီး အချက် ၃၀ လောက်ပစ်ခတ်ခဲ့တဲ့အတွက် တတာကူး ကျေးရွာသူ အသက် ၂၅ နှစ်အရွယ် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
တိုက်ပွဲအတွင်း ပစ်ခတ်မှုတွေကြောင့် ရွာသစ်ကျေးရွာနဲ့ ကမိုင်ကုန်းကျေးရွာက ဒေသခံတွေဟာ ထွက်ပြေးတိမ်းရှောင်နေပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ ကော့ကရိတ်မြို့ အာရှလမ်းမကြီးဘေးကနေ တပ်မဟာ ၆ ထိန်းချုပ်နယ်မြေအတွင်းကို နယ်မြေကျူးကျော်ဝင်ရောက်ဖို့ လုပ်ဆောင်လာတာတဲ့အတွက် တိုက်ပွဲတွေဖြစ်ပွားနေတာပါ။