မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့နယ်မှာ အောက်တိုဘာ ၁၃ ရက် ညပိုင်းက စစ်ကောင်စီ သတင်းပေး ဒလန်လို့ နာမည်ထွက်သူ ကင်းတုံရွာသား အမျိုးသား လေးယောက် ဓားနဲ့ ခုတ်သတ်ခံခဲ့ရပါတယ်။
ကိုသာတူးအပါအဝင် အပေါင်းအပါ လေးယောက် ဓားနဲ့ခုတ်သတ်ခံရတာဖြစ်ပြီး ဘယ်သူခုတ်သွားမှန်း မသိရဘူးလို့ ဒေသခံတွေကပြောပါတယ်။
"စစ်ကောင်စီကို သတင်းမပေးဖို့ သူတို့ကို ဒေသခံ PDFက သတိပေးထားပြီးသားလို့ ကြားတယ်။ ကိုသာတူးနဲ့ အပေါင်းအပါ ၃ ဦးကို တစ်နေရာတည်းမှာ ဓားနဲ့ခုတ်သတ်သွားတာ"လို့ ဒေသခံ ပြည်သူတစ်ဦးက ပြောပါတယ်။
ဓားနဲ့ခုတ်သတ်ခံရတဲ့ အလောင်း ၄ လောင်းကို စစ်ကောင်စီက ညတွင်းချင်း လာရောက်သယ်ယူ သွားပါတယ်။
ဩဂုတ် ၃၀ ရက်က စဉ့်ကိုင်မြို့နယ် မုန်ပင်ကျေးရွာ၊ ကံကြီးကျေးရွာနဲ့ ရွာဘိုကျေးရွာက ပြည်သူ ၃၀ ကျော်ကို PDF လို့ စွပ်စွဲပြီး စစ်ကောင်စီက ဖမ်းဆီးခဲ့ပါတယ်။
အလားတူ မန္တလေးတိုင်း မတ္တရာမြို့နယ်မှာလည်း တောင်ကန်ကျေးရွာအုပ်စု အောင်ချမ်းသာရွာ က စစ်ကောင်စီသတင်းပေးလို့ သတ်မှတ်ခံရသူ တစ်ဦး ဒီမနက် ၁၀ နာရီခွဲဝန်းကျင်က သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါတယ်။
သေနတ်နဲ့ ပစ်ခံရသူဟာ အသက် ၄၀ ကျော်အရွယ် ဦးညွန့်ခိုင်ထွန်း ဖြစ်ပြီး ဆိုင်ကယ်စီးနေတဲ့အချိန်မှာ ဆိုင်ကယ်လူ နှစ်ယောက်က လာရောက်ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
“သူက ရွာမှာ စစ်ကောင်စီကို သတင်းပေးဒလန်လုပ်နေတာ။ အုပ်ချုပ်ရေးအဖွဲ့ထဲတော့မပါဘူး။ ငှက်ပျောခြံဘက် အသွားမှာ ပစ်ခံရတာ။” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
သေနတ်နဲ့ ပစ်ခံရသူ ဦးညွန့်ခိုင်ထွန်းဟာ ယာဘက်ရင်ညွန့် ပေါက်ထွက် ပြင်းထန် ဒဏ်ရာရရှိခဲ့ကာ မတ္တရာဆေးရုံ အရောက်မှာ သေဆုံးခဲ့တယ်လို့ သိရပါတယ်။