မကွေးတိုင်း၊ မြို့သစ်မြို့နယ်၊ ပုလင်းပြားကြီးကျေးရွာက စစ်ကောင်စီခန့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးဝင်းစိုးဟာ အောက်တိုဘာ ၁၃ ရက် ညနေ ၄ နာရီ ဝန်းကျင်က ပစ်သတ်ခံလိုက်ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အမည်မဖော်လိုတဲ့ ဒေသခံတဦးက “ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးဝင်းစိုးက မြို့သစ် မြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးကအပြန် ပုလင်းပြားကျေးရွာ အနောက်ဘက် ရွာအဝင်လမ်းပေါ်မှာ ပစ်ခံရတာ။ ကျည်ဆန်ရာတွေ များတယ်။ ပွဲချင်းပြီးပဲ”လို့ ပြောပြပါတယ်။
ပုလင်းပြားကြီးကျေးရွာ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးဝင်းစိုး ပစ်သတ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ဖို့ ဒီဗွီဘီက မြို့သစ်မြို့နယ်၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ''ဖြေဆိုခွင့်မရှိပါဘူး'' လို့သာ ပြန်လည်ဖြေကြားခဲ့ပါတယ်။
“အကြမ်းဖက်စစ်ကောင်စီကခန့်တဲ့အုပ်ချုပ်ရေးမှူးတွေ နုတ်ထွက်ကြဖို့ အကြိမ်ကြိမ် သတိပေးခဲ့ပြီးပြီ။ ခက်တာကလည်း သူတို့က ဘာမှမဟုတ်တဲ့ ရာထူးအာဏာကို မက်မောနေတော့ လည်း ဗိဿနိုးတပ်ဖွဲ့ဝင်တွေက ကျည်ဆန် ၉ ဆန် ကျွေးလိုက်တယ်”လို့ ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ထန်ထွဋ် က အတည်ပြုပြောပြပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၁ ရက်နေ့ကလည်း ပုလင်းပြားကြီးကျေးရွာက စစ်ကောင်စီ သတင်းပေးလို့ နာမည်ကြီးနေတဲ့ ဦးဗိုလ်ဝဲ စီးလာတဲ့ကားကိုလည်း သေနတ်နဲ့ ပစ်ခတ်သတိပေး ခံခဲ့ ရသေးတယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။
မြို့နယ်အတွင်းမှာ မကြာခဏဆိုသလို အုပ်ချုပ်ရေးမှူးတွေ သတ်ဖြတ်ခံနေရသလို အခု ရက်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ မြို့သစ်မြို့နယ်က ကျေးရွာအချို့ကို ဝင်ရောက်စီးနင်း တပ်စွဲပြီး ပြည်သူတွေကို ဖမ်းဆီးနှိပ်စက်နေကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။