မြန်မာစစ်တပ်အနေနဲ့ အာဆီယံအထူးသံတမန် မြန်မာနိုင်ငံသို့ ပုံမှန်လာရောက်ရာမှာ အဆင်ပြေအောင် ဆောင်ရွက်ပေးဖို့နဲ့ သူတွေ့ဆုံလိုတဲ့ ပုဂ္ဂိုလ်အားလုံးနဲ့ လွတ်လပ်စွာတွေ့ဆုံနိုင်အောင် စီစဉ်ဆောင်ရွက်ပေးဖို့ အီးယူ ဥရောပသမဂ္ဂက တိုက်တွန်းလိုက်ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန် ဧရာဝဏ်ယူဆွတ်ဖ်ရဲ့ လုပ်ငန်းဆောင်ရွက်ချက်တွေကို ပံ့ပိုးကူညီရေးနဲ့ ပတ်သက်လို့ ဥရောပသမဂ္ဂကိုယ်စား အထူးကိုယ်စားလှယ်က အောက်တိုဘာ ၁၃ ရက်က ကြေညာချက်ထုတ်ပြန် တိုက်တွန်းလိုက်တာပါ။
အောက်တိုဘာ ၂၆ ရက်နေ့ အာဆီယံထိပ်သီးအစည်းအဝေးမတိုင်မီ မြန်မာနိုင်ငံမှာ ပဋိပက္ခအရှိန်အဟုန်လျှော့ချရေးလုပ်ငန်းစဉ်ကိုစတင်ဖို့နဲ့ ဒီမိုကရေစီပြန်လည်ရရှိရေးကို ဆောင်ရွက်ဖို့ လက်ရှိအကျပ်အတည်းကာလအတွက် အကြမ်းမဖက်ငြိမ်းချမ်းစွာ ဖြေရှင်းနည်းကို ရှာဖွေနေတဲ့ အာဆီယံရဲ့ ကြိုးပမ်းအားထုတ်မှုကို ဥရောပသမဂ္ဂ (အီးယူ) အနေနဲ့ ခိုင်မာပြတ်သားစွာ ပံ့ပိုးကူညီသွားမယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံအနေနဲ့ အာဆီယံခေါင်းဆောင်တွေရဲ့ ဘုံသဘောတူညီချက် ၅ ရပ်အတိုင်း လျင်မြန်တိကျစွာ အကောင်အထည်ဖော်ဖို့နဲ့ အာဆီယံသဘောတူညီချက် ၅ ရပ်ကို ပြည့်စုံစွာ အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ အာဆီယံအထူးသံတမန်နဲ့အတူ အပြုသဘောဆောင်စွာ ချိတ်ဆက်ဆောင်ရွက်ဖို့ ဥရောပသမဂ္ဂက တောင်းဆိုပါတယ်။
အာဆီယံအထူးကိုယ်စားလှယ်ဟာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါဝင် ဘက်ပေါင်းစုံကလူတွေနဲ့ တွေ့ဆုံရဖို့ ကမ်းလှမ်းခဲ့ပေမဲ့ အာဏာသိမ်း စစ်ကောင်စီကတော့ တရားရင်ဆိုင်နေရသူတွေနဲ့ တွေ့ဖို့ မဖြစ်နိုင်ဘူးလို့ ငြင်းဆိုထားပါတယ်။
ပြီးခဲ့တဲ့ရက်က အာဆီယံ အထူးကိုယ်စားလှယ်မြန်မာနိုင်ငံကိုလာရောက်ပြီး နေပြည်တော်မှာ နိုင်ငံရေးပါတီတချို့နဲ့ တွေ့ဆုံဖို့ရှိတယ်လို့ သတင်းထွက်ခဲ့ပေမဲ့ မြန်မာနိုင်ငံကို မရောက်သေးဘူးလို့ အာဏာသိမ်း စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
ဥရောပသမဂ္ဂအနေနဲ့ မြန်မာပြည်သူပြည်သားတွေဘက်ကနေ အခိုင်အမာရပ်တည်နေပြီး နိုင်ငံတော်သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အာဏာသိမ်းမှုနဲ့ဆက်နွှယ် ဖမ်းဆီးထိန်းသိမ်းခံထားရသူအားလုံးကို ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးဖို့နဲ့၊ စစ်မှန်တဲ့ နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်မြောက်အောင် ဆောင်ရွက်ရန်ဖို့လည်း တိုက်တွန်းလိုက်ပါတယ်။
အဓိပ္ပာယ်ပြည့်ဝတဲ့ နိုင်ငံရေးဆွေးနွေးပွဲလို့ ဆိုရာမှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ တိုင်းရင်းသားအုပ်စုတွေ၊ နိုင်ငံရေးပါတီတွေနဲ့ လက်ရှိအကျပ်အတည်းကာလအတွက် အကြမ်းမဖက်ငြိမ်းချမ်းစွာ ဖြေရှင်းနည်းကို ရှာဖွေဖော်ထုတ်ဖို့ ဆုံးဖြတ်ထားတဲ့ ဒီမိုကရေစီလိုလားတဲ့ တခြားအင်အားစုတွေ စတဲ့ သက်ဆိုင်ရာပတ်သက်ဆက်နွှယ်သူ အားလုံးပါဝင်ဖို့လိုကြောင်းနဲ့ ဒီလို အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲအစစ်အမှန်ကသာ မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းပြီး ရေရှည်တည်တံ့တဲ့ အနာဂတ်ကို ပေးစွမ်းနိုင်မယ်လို့ ဆိုပါတယ်။
အများပြည်သူသေကျေပျက်စီးမှုနဲ့ နေရပ်စွန့်ခွာမှုတွေကိုပေါ်ပေါက်စေတဲ့ လက်နက်ကိုင်ပဋိပက္ခ အရှိန်အဟုန်မြင့်တက်လာမှု၊ ကျေးလက်ဒေသတွေမှာ လက်နက်ကိုင်တပ်ဖွဲ့တွေ သိသိသာသာ တပ်ဖြန့်ထားမှုနဲ့ တိုက်ပွဲတွေတိုးပွားလာမှုတို့အပေါ် ဥရောပသမဂ္ဂက အလွန်အမင်း စိုးရိမ်ပူပန်နေပြီး အကြမ်းဖက်မှုတွေ ချက်ချင်းအဆုံးသတ်ဖို့နဲ့ လူ့အခွင့်အရေး အပြည့်အဝလေးစားဖို့လည်း တိုက်တွန်း တောင်းဆိုထားပါတယ်။