ပဲခူးတိုင်း ပြည်မြို့ နဝင်းရပ်ကွက် ရတနာလမ်းအတွင်းမှာရှိတဲ့ Mytel တာဝါတိုင်နှစ်တိုင် အောက်တိုဘာ ၁၃ ရက်နေ့ မနက် ၆ နာရီဝန်းကျင်က ဖောက်ခွဲခံရပြီးနောက် တာဝါတိုင်ကို လာကြည့်တဲ့ကားပါ လက်လုပ်ဗုံးနဲ့အပစ်ခံလိုက်ရတယ်လို့ သိရပါတယ်။
ဒေသခံတစ်ဦးက “တာဝါတိုင်ကွဲတာ အသံတော်တော်ကျယ်တယ်၊ အိမ်တွေတောင်တုန်တယ်။ တာဝါတိုင်က ဘာမှကို လုပ်မရတော့ဘူး။ ခုထိ Mytel လိုင်းတွေလည်း မရတော့ဘူး" လို့ ပြောပါတယ်။
Mytel တာဝါတိုင် ဖောက်ခွဲခံရပြီးနောက် မနက် ၈ နာရီဝန်းကျင်လောက်မှာ လာရောက်စစ်ဆေးတဲ့ စစ်သားတွေလိုက်ပါလာတဲ့ အန်စာတုံးကားတစီး လက်ပစ်ဗုံးနဲ့ ထပ်မံအပစ်ခံရတယ်လို့ ဒေသခံက ဆိုပါတယ်။
“လက်လုပ်ဗုံးနဲ့ပစ်တာက လူမထိသွားဘူး၊ ကားဘော်ဒီကိုပဲ ထိသွားတယ်၊ လူကတော့ ဘာမှဖြစ်သံမကြားဘူး။”
ဗုံးဖောက်ခွဲမှုကို ဘယ်အဖွဲ့က ပြုလုပ်တယ်ဆိုတာတော့ မသိရသေးပါဘူး။
မနက်ခင်း ၆ နာရီဝန်းကျင်မှာ စစ်ကောင်စီပိုင် Mytel တာဝါတိုင်နှစ်တိုင် ဖောက်ခွဲဖျက်ဆီးခံရပြီးနောက် ဒီညနေအထိ ပြည်မြို့မှာ Mytel အင်တာနက် သုံးမရသေးဘူးလို့ သိရပါတယ်။