Home
မြန်မာသတင်း
ရေစကြိုမြို့နယ်၌ စစ်ကောင်စီတပ်သားများ မိုင်းဆွဲတိုက်ခိုက်ခံရသဖြင့် သေဆုံး ဒဏ်ရာရသူ များပြား
DVB
·
October 13, 2021

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရွှေကျောင်းကျေးရွာအနီးမှာ အောက်တိုဘာ ၁၃ ရက် ဒီ မနက် ၈ နာရီခွဲလောက်က  အကြမ်းဖက်စစ်ကောင်စီစစ်ကား ၂ စီး မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် စစ်ကား ၁ စီး ပျက်စီးသွားပြီး တပ်သား ၁ ဦး သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့  ဒေသခံတွေဆီက သိရပါတယ်။

မိုင်းဆွဲတိုက်ခိုက်မှုကို ရေစကြို၊ မြောင်၊ မုံရွာ၊ ချောင်းဦး၊ နှလုံးလှလူမိုက်၊ တလုပ်၊ မြင်းမူ နဲ့ စစ်ကိုင်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၁၀ ဖွဲ့ စုပေါင်းပြီး စစ်ဆင်ရေးကိုဆောင်ရွက်ခဲ့ကြတာလို့ ပူးပေါင်းအဖွဲ့ ကိုယ်စားလှယ်တဦးက အတည်ပြုပြောပါတယ်။ 

“စစ်ကောင်စီ တပ်သား ၁ ယောက်တော့ ခေါင်းပွင့်ပြီး ပွဲချင်းပြီးပဲ။ ၄ ဦးကတော့ ပြင်းပြင်းထန်ထန် ဒဏ်ရာတွေရကြတယ်။ ကား ၁ စီးကတော့ နောက်ခြမ်းစုတ်ပြတ်သွားပြီး လမ်းဘေးက လယ်ကွင်းထဲ ထိုးကျသွားတယ်။ နောက်ထပ်ကျန်တဲ့ အသေအပျောက်ကတော့ မသိရသေးဘူး။ သူတို့ဘက်က သေတဲ့သူ တိုးလာဦးမယ့် သဘောမှာရှိတယ်။”

အဆိုပါမိုင်းဆွဲ တိုက်ခိုက်မှုမှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေဘက်က ထိခိုက်ဒဏ်ရာ ရရှိတာမရှိဘဲ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒေသခံတဦးက “အဲ့ကားတွေ မိုင်းဆွဲခံရပြီး ရမ်းပစ်ကြတာ။ လမ်းပေါ်ခရီးသွားတဲ့ ပေါက်တောရွာက သားအမိ ၂ ယောက်တော့ ကျည်ထိလို့ ရေစကြိုဆေးရုံကို ပို့လိုက်ရတယ်။ အခြေအနေ မကောင်းဘူးလို့တော့သိရတယ်” လို့ ပြောပြပါတယ်။

စစ်ကား ၂ စီးမိုင်းဆွဲတိုက်ခိုက်ခံရပြီး သေဆုံးဒဏ်ရာရတာနဲ့ပတ်သက်လို့ ဒီဗွီဘီက သီးခြားအတည်ပြုနိုင်ဖို့ ဆက်လက်စုံစမ်းနေပါတယ်။

အခုရက်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်က ရေစကြိုနယ်ကို စစ်အင်အား ပိုမိုတိုးချဲ့ စစ်ဆင်နေပြီး ကျေးရွာတချို့က လူနေအိမ်တွေကို ဥပဒေမဲ့ ဝင်ရောက်စီးနင်းမီးရှို့နေတာကြောင့် ဒေသခံတွေ စိတ်သောကရောက်နေကြရတယ်လို့ သိရပါတယ်။

ရေစကြိုမြို့နယ် ရေလယ်ကျွန်းကျေးရွာအတွင်းမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေ တိုက်ပွဲဖြစ်ကြရာမှာ တစ်ပတ်အတွင်း စစ်ကောင်စီဘက်က ၉ ဦး ကျဆုံးခဲ့တယ်လို့ မြင်းခြံပြည်သူ့ကာကွယ်ရေးတပ်က သိရပါတယ်။

အောက်တိုဘာ ၁၀ ရက်နေ့မှာလည်း စစ်ကောင်စီတပ်သားတစ်ဦးနဲ့ ရဲတပ်ဖွဲ့ဝင် တစ်ဦး  အရှင်ဖမ်းမိရာက ပြန်လည်ခုခံတာကြောင့် သုတ်သင်ရှင်းလင်းခဲ့တယ်လို့လည်း သိရပါတယ်။

“ကျနော်တို့ တပ်ဖွဲ့ဝင်တွေ တစ်ဦးမှ အကျအဆုံးမရှိပါဘူး၊ စခတွေဘက်ကတော့ ဒီလထဲမှာ ၉ ဦး အကျအဆုံးရှိခဲ့ပါတယ်။ မိုင်းဆွဲတိုက်ခိုက်ရာက သေဆုံးတာများတယ်။ ရဲတစ်ကောင်ကိုတော့ အရှင်ဖမ်းဆီးမိခဲ့ရာက ပြန်ခုခံလို့ သုတ်သင်ခဲ့ရတာတော့ရှိတယ်။ ဟိုတနေ့က အောက်တိုဘာ ၁၁ ရက် ညဘက်မှာ စကစတွေဘက်က တစ်ဦး သေတယ်။ ၄ ဦး အပြင်းအထန် ဒဏ်ရာရတယ်။ ပြောက်ကျားတပ်ဖွဲ့ဝင်တွေအနေနဲ့ကတော့ အထိအခိုက်မရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်။” လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။

အောက်တိုဘာ ၁၁ ရက်နေ့မှာလည်း စစ်ကောင်စီယာဉ်တန်းကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေက မိုင်းဆွဲတိုက်ခိုက်ရာမှာ စစ်ကောင်စီတပ်သား ၁ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

အောက်တိုဘာ ၁၂ ရက် နေ့လယ်ပိုင်းက တိုက်ပွဲအတွင်း ကျဆုံးမှုရှိခဲ့တဲ့ ရဲတပ်ဖွဲ့ဝင် အလောင်းတွေကို ရှာဖွေဖို့အတွက် ပြည်သူနှစ်ဦးကို ဓားစာခံအဖြစ် ခေါ်ယူသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အောက်တိုဘာ ၃ ရက်နေ့မှာ ရေလယ်ကျွန်းဒေသတွေကိုလာရောက်ထိုးစစ်ဆင်တဲ့ စစ်ကောင်စီ ယာဉ်တန်းကို မိုင်းခွဲတိုက်ခိုက်ခဲ့ရာက စစ်ကောင်စီတပ်က ၂ ဦး သေဆုံးပြီး ၄ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ပါတယ်။ ဒဏ်ရာပြင်းထန်စွာရရှိထားတဲ့ စစ်ကောင်စီတပ်သား ၄ ဦးဟာ ရေစကြိုပြည်သူ့ဆေးရုံမှာ အောက်တိုဘာ ၄ ရက်နေ့က သေဆုံးခဲ့ကြပါတယ်။

အောက်တိုဘာ ၃ ရက် မှ ၁၁ ရက်အတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ ရဲတပ်ဖွဲ့ဝင် အားလုံးပေါင်း ၉ ဦး သေဆုံးခဲ့တာ ဖြစ်ပြီး ရေစကြိုနဲ့ မြင်းခြံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပူးပေါင်းတိုက်ပွဲဝင်ခဲ့ကြတာ ဖြစ်ပါတယ်။ ရေစကြိုမြို့ ရေလယ်ကျွန်းကျေးရွာတွေဟာ မြင်းခြံမြို့နဲ့ ထိစပ်နေတဲ့ ဒေသတွေ ဖြစ်ပါတယ်။

မကွေးတိုင်းမှာလည်း အောက်တိုဘာ ၁၂ ရက် ည ၉ နာရီဝန်းကျင်က  မြိုင်မြို့နယ်နဲ့ ပေါက်မြို့နယ်ကြားက ဇီးပြားရဲစခန်းကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်က ဝင်ရောက်တိုက်ခိုက် မီးရှို့ခဲ့လို့ ရဲ ၂ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူရှိနိုင်တယ်လို့  ဒေသခံတွေဆီကသိရပေမယ့် အတည်ပြုနိုင်ဖို့ ဆက်လက်စုံစမ်းနေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024