မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့ကနေ ထိုင်းနိုင်ငံဘက်ကို တရားမဝင် သွားရောက်တဲ့ ရွှေ့ပြောင်း မြန်မာအလုပ်သမား ၂၉ ဦး မဲဆောက်မြို့မှာ အောက်တိုဘာ ၁၂ ရက် ည ၉ နာရီလောက်က ဖမ်းဆီးခံရတယ်လို့ ထိုင်းအာဏာပိုင်တွေထံက သိရပါတယ်။
မဲဆောက်မြို့ မယ်တော်တိုက်နယ် ရပ်ကွက် ၂ ရှိ တည်းခိုရာ တိုက်ခန်းတခုမှာ တရားမဝင် လာရောက်သူတွေ ရောက်ရှိနေတယ်လို့ သတင်းရရှိလို့ ထိုင်းစစ်တပ်၊ ရဲ၊ လ.ဝ.က နဲ့ အုပ်ချုပ်ရေးဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့က ရှာဖွေစစ်ဆေးရာကနေ မြန်မာ အမျိုးသား ၁၄ ဦး အမျိုးသမီး ၁၅ ဦး စုစုပေါင်း ၂၉ ဦးကို ဖမ်းမိခဲ့တာဖြစ်ပြီး အိမ်ခန်းပိုင်ရှင်ကိုလည်း ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံမှာ တရားမဝင် ဝင်ရောက်လာလို့ ဖမ်းဆီးရမိသူ အားလုံးကို ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ စစ်ဆေးပြီး ထိုင်းနိုင်ငံ တရားမဝင် ဝင်ရောက်မှုနဲ့ရော ကိုဗစ်-၁၉ ဥပဒေနဲ့ပါ အရေးယူလေ့ရှိပါတယ်။
မြန်မာနိုင်ငံတွင်းမှာ ကိုဗစ်-၁၉ ကပ်ဘေးနဲ့ရော စစ်အာဏာသိမ်းဘေးနဲ့ပါ ကြုံတွေ့ရင်ဆိုင်နေရတဲ့ မြန်မာပြည်သူတွေဟာ မိသားစု စားဝတ်နေရေးကြောင့် ထိုင်းနိုင်ငံကို ရတဲ့နည်းလမ်းနဲ့ သွားရောက် အလုပ်လုပ်ဖို့ ကြိုးစားရာကနေ နေ့စဉ်လိုလို ဖမ်းဆီးခံနေရတာ ဖြစ်ပါတယ်။