ထိုင်းနိုင်ငံနဲ့ ဗီယက်နမ်နိုင်ငံတွေကို တောင်ကိုရီးယားနိုင်ငံက AstraZeneca ကိုဗစ်-၁၉ ကာကွယ်ဆေး ၁ ဒသမ ၁ သန်းကျော် လှူဒါန်းသွားမယ်လို့ ကိုရီးယားနိုင်ငံရောဂါထိန်း ချုပ်ကာကွယ်ရေးအေဂျင်စီ(ကေဒီစီအေ)က ပြောပါတယ်။
ဒီလှူဒါန်းမှုမှာတော့ ထိုင်းနိုင်ငံကို ကာကွယ်ဆေး ၄၇၀,၀၀၀ လှူဒါန်းမှာဖြစ်ကာ ထိုင်းနိုင်ငံရောက် ကိုရီးယားနိုင်ငံသားတွေကို ဦးစားပေးထိုးပေးမယ်လို့ ဆိုပါတယ်။
ကိုရီးယားနိုင်ငံမှာတော့ နိုင်ငံ့လူဦးရေ ၅၂ သန်းရဲ့ ၈၀ ရာခိုင်နှုန်းနီးပါး ကာကွယ်ဆေးထိုးနှံပြီး ဖြစ်တယ်လို့ ကေဒီစီအေက ပြောပါတယ်။
ထိုင်းနိုင်ငံဆီ လှူဒါန်းသွားမယ့် ကာကွယ်ဆေးသဘောတူညီချက်ကိုတော့ ထိုင်းပြည်သူ့ ကျန်းမာရေးဝန်ကြီး အနုတင် ချန်းဗီရာကူလ်က အောက်တိုဘာ ၁၂ ရက်က သဘောတူ လက်မှတ်ရေးထိုးခဲ့တယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံမှာတော့ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၁၀,၀၆၄ ယောက် ရှိခဲ့ပြီး စုစုပေါင်း ကူးစက်ခံရသူ ၁၇ သိန်းကျော်ထိ ရှိခဲ့တယ်လို့ သိရပါတယ်။
ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ ထပ်မံသေဆုံးသူ ၈၂ ယောက်ရှိ ခဲ့ပြီး လက်ရှိအချိန်ထိ သေဆုံးသူ စုစုပေါင်းကတော့ ၁၇,၉၁၇ ယောက် ရှိခဲ့ပြီလို့ ဆိုပါတယ်။