မြန်မာနိုင်ငံမှာ တရက်တည်း ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၁,၄၀၀ နီးပါးနဲ့ ကူးစက်ခံရ သူပေါင်း ၄၈၀,၀၀၀ ကျော် ရှိလာခဲ့ပြီဖြစ်တယ်လို့ စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနက အောက်တိုဘာ ၁၂ ရက် ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
ဒီစစ်ဆေးမှုဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်နေကြတဲ့ ဆေးရုံတွေ၊ ဓာတ်ခွဲစမ်းသပ်ခန်းတွေ မပါဝင်ဘဲ စစ်အုပ်စုလက်အောက်ခံ တပ်မတော်ဆေးရုံတွေ အ များစုမှာ စမ်းသပ်စစ်ဆေးခဲ့တာမို့ ရောဂါကူးစက်မှု တိကျတဲ့ ပမာဏအတိုင်းအဆကို မသိနိုင်သေးပါဘူး။
ဝန်ကြီးဌာနထုတ်ပြန်ချက်ထဲမှာတော့ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာ ၁၇,၉၉၈ ခုကို စစ်ဆေးခဲ့ရာမှာ ရောဂါကူးစက်မှုအသစ် ၁,၃၈၂ ယောက် တွေ့ရှိခဲ့တာမို့ ပိုးတွေ့နှုန်း ၇ ဒသမ ၇ ရာခိုင်နှုန်းကျော် ရှိနေပါတယ်။
ဒါ့အပြင် ထပ်မံသေဆုံးသူ ၂၆ ယောက်နဲ့ ရောဂါပြန်လည်ပျောက်ကင်းသက်သာလာလို့ ဆေးရုံကဆင်းခွင့်ရသူအရေအတွက်ကတော့ ၁,၆၂၃ ယောက်ရှိတယ်လို့ ဆိုပါတယ်။
လက်ရှိအချိန်ထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူစုစုပေါင်း ၁၈,၁၈၈ ယောက်နဲ့ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၄၈၁,၂၃၀ ယောက် ရှိနေပါတယ်။
ရောဂါကူးစက်မှုတွေ ထိန်းချုပ်နိုင်ဖို့ နိုင်ငံတဝန်း စာသင်ကျောင်းတွေကိုလည်း လာမယ့် အောက်တိုဘာ ၂၄ ရက်နေ့အထိ ထပ်မံပိတ်ထားဖို့ စစ်ကောင်စီက ကြေညာထားပြီး အသက် ၁၂ နှစ်ကနေ ၁၈ နှစ်ကြား အခြေခံပညာကျောင်းသားကျောင်းသူ ၁ သန်း လောက်ကို ကာကွယ်ဆေးထိုးနှံပေးသွားမယ်လို့ ကြေညာထားပါတယ်။
ဒါ့အပြင် ရောဂါကူးစက်မှုများတဲ့ နိုင်ငံတဝန်း မြို့နယ်ပေါင်း ၁၂၀ ကျော်ကိုလည်း Stay At Home အမိန့်ထုတ်ထားပါတယ်။
ကာကွယ်ဆေးထိုးနှံမှုအနေနဲ့ ပြီးခဲ့တဲ့ စစ်ကောင်စီ ကျန်းမာရေးဌာနထုတ်ပြန်တဲ့ ကိန်း ဂဏန်း အချက်အလက်တွေအရ အောက်တိုဘာ ၉ ရက်နေ့အထိ အကြိမ်ပြည့် ၂ ကြိမ် ထိုးနှံပြီးသူ ၄ ဒသမ ၁၁ သန်းကျော်၊ ၁ ကြိမ်ထိုးနှံပြီးသူ ၅ ဒသမ ၇၈ သန်းကျော်နဲ့ စုစုပေါင်း ၉ ဒသမ ၉ သန်းကျော်ရှိခဲ့ပြီလို့ ဆိုပါတယ်။