အောက်တိုဘာ ၁၃ ရက်နေ့မှာ ကျရောက်မယ့် အပြည်ပြည်ဆိုင်ရာ ဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ ကမ်ပိန်းလှုပ်ရှားမှုမှာ အားလုံးပါဝင်ကြဖို့ အမျိုးသားညီ ညွတ်ရေးအစိုးရ(NUG)က နှိုးဆော်တိုက်တွန်းထားပါတယ်။
သဘာဝဘေး ကပ်ရောဂါဘေးတွေသာမက စစ်အာဏာသိမ်းမှုကြောင့် ဖြစ်တဲ့ စစ်ဘေး ဒဏ်ခံစားနေရတဲ့ မြန်မာပြည်အနှံ့က တိုင်းရင်းသားပြည်သူတွေနဲ့ တသားတည်းအတူ ခံစားနေရကြောင်းနဲ့ အာဏာရှင်စနစ် ချုပ်ငြိမ်းဖို့၊ ဘေးသင့်ပြည်သူတွေကို ကူညီစောင့် ရှောက်ဖို့အတွက် ပြည်သူအားလုံးက အတူကြိုးစားနေကြောင်းပြသဖို့အတွက် ဒီကမ်ပိန်းကို ပြုလုပ်တာလို့ ဆိုပါတယ်။
ပါဝင်လိုကြတဲ့ ပြည်သူတွေအနေနဲ့ ကိုယ့်မှာရှိတဲ့ တိုင်းရင်းသား ဝတ်စုံကို ဝတ်မယ်၊ ပြီးရင် လူသားချင်း စာနာမှုကို ပြသတဲ့ အဓိပ္ပါယ်နဲ့ ညာဘက်လက်ကို ဘယ်ဘက် နှလုံးသားပေါ်တင်၊ တော်လှန်ရေး သင်္ကေတ လက် ၃ ချောင်းထောင် ဓာတ်ပုံရိုက်ပြီး ကိုယ့်ရဲ့ ဆိုရှယ်မီဒီ ယာတွေမှာ မျှဝေရင်း ဒီ ကမ်ပိန်းမှာ ပါဝင်ပေးနိုင်မှာ ဖြစ်ပါတယ်။
ကိုယ့်ရဲ့ တိုင်းရင်းသားဝတ်စုံက ကိုယ်စားပြုလူမျိုးက ဘာလဲ၊ အဲဒီဒေသတွေမှာ ရှိတဲ့ စစ်ဘေးရှောင် ပြည်သူတွေနဲ့ အတူတကွ ရှိနေပြီး စာနာထောက်ထား အားပေးကူညီတာတွေ လုပ်နေပါတယ် စတဲ့ နှစ်သက်ရာ caption နဲ့ #OnlyTogether #DRRDay2021Myanmar #StopManmadeDisasterinMyanmar ဆိုတဲ့ hashtag စာသားလေးတွေကို တွဲတင်ပေး ပြီး ဒီကမ်ပိန်းမှာ အားလုံး ပါဝင်ပေးကြဖို့လည်း တိုက်တွန်းထားပါတယ်။
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့က စတင်ကာ အကြမ်းဖက်စစ်အုပ်စုက မတရားအာဏာသိမ်းယူခဲ့တာကို ဆန့်ကျင်ဆန္ဒပြခဲ့ကြတဲ့ နွေဦးတော်လှန်ရေးကာလဟာ ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။
ဒီကာလတွေအတွင်း အကြမ်းဖက်ဖြိုခွင်းမှုတွေကြောင့် ထိခိုက်ကျဆုံးရသူတွေ၊ ဖမ်းဆီး ထောင်ချခံရသူတွေနဲ့အတူ နိုင်ငံအဝန်း တောရောမြို့ပါမကျန် ဒေသခံပြည်သူ့ကာကွယ် ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြားတိုက်ပွဲတွေလည်း ပြင်းထန်နေပြီး တိုက်ပွဲတွေ ကြောင့် ဒေသခံတွေ ထောင်သောင်းချီ နေရပ်စွန့်ခွာထွက်ပြေးတိမ်း ရှောင်နေကြရတာ ဖြစ်ပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)ရဲ့ ထုတ် ပြန်ချက် အရ လတ်တလောအချိန်ထိ အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ ပစ်ခတ်သတ်ဖြတ် မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၁၁၆၀ ကျော်၊ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူပေါင်း ၈,၈၀၀ ကျော် ရှိခဲ့တယ်လို့ ဆိုပါတယ်။
လတ်တလောမှာတော့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က စစ်အာဏာရှင် ဆန့်ကျင် ရေး ခုခံတွန်းလှန်စစ်စတင်ကြောင်းနဲ့ မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက် စစ်အုပ် ချုပ်ရေးကို လှည်းနေလှေအောင်း မြင်းဇောင်းမကျန် တွန်းလှန်တိုက်ဖျက်ကြဖို့ စက်တင် ဘာ ၇ ရက်က ကြေညာထားခဲ့တာ ဖြစ်ပါတယ်။