စစ်ကိုင်းတိုင်း ကလေးခရိုင် မင်းကင်းမြို့နယ် ချင်းတွင်းမြစ်ရိုးအောက်ပိုင်းဒေသမှာ ဒေသခံ PDF အဖွဲ့နဲ့ စစ်ကောင်စီတပ်ဖွဲ့တို့ အောက်တိုဘာ ၁၀ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
အောက်တိုဘာ ၁၀ ရက် မနက် ၁၁ နာရီလောက်က မင်းကင်းမြို့နယ် ကျောက်ခဲတက်ကျေးရွာအနီးမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ဒေသခံ PDF အဖွဲ့က သွားရောက်တိုက်ခိုက်ရာကနေ ၃ နာရီလောက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ အသုံးပြုပစ်ခတ်ခဲ့တယ်လို့ ဒေသခံ PDF ခေါင်းဆောင်တဦးက ပြောပါတယ်။
စစ်ကောင်စီဘက်က စနိုက်ပါ ၁ ဦးအပါအဝင် ကျဆုံးမှုတွေရှိခဲ့ပြီး ကျဆုံးအရေအတွက်အတိအကျ မသိရသေးသလို ဒေသခံ PDF အဖွဲ့ဘက်ကတော့ ကျဆုံးမှု မရှိခဲ့ဘူးလို့ ဆိုပါတယ်။
ဒေသခံ PDF အဖွဲ့မှာ လက်လုပ်သေနတ်(တူမီး)သာ ရှိတာကြောင့် လက်နက်အကူအညီ လိုအပ်နေတယ်လို့ PDF ခေါင်းဆောင်က ပြောပါတယ်။
မင်းကင်းမြို့နယ်မှာ စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးအဖွဲ့တွေရဲ့ မွှေနှောက်၊ ဖျက်ဆီး၊ ဖမ်းဆီးတာတွေကြောင့် ကျေးရွာပေါင်း ၃၀ ကျော်လောက်က ပြည်သူတွေဟာ အိုးအိမ်စွန့်စွာထွက်ပြေးတိမ်းရှောင်နေကြရပြီး အကူညီလိုအပ်နေတယ်လို့ သိရပါတယ်။
မင်းကင်းမြို့နယ် ချင်းတွင်းမြစ်ရိုးအောက်ပိုင်းဒေသ တောင်ဖြူရွာ၊ ပန်းဆက်ရွာ၊ ကျောက်ခဲတက်ရွာ နဲ့ လောင်းပြည့်ကျေးရွာ တို့မှာ စစ်ကောင်စီတပ်ဖွဲ့အင်အား ၅၀၀ ဝန်းကျင် တပ်စွဲထားတယ်လို့ သိရပါတယ်။