မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း လျှပ်စစ်မီတာခ လိုက်လံကောက်ခံနေမှုကို သထုံ PDF အဖွဲ့တွေက နောက်ဆုံးအကြိမ် သတိပေးစာ ထုတ်ပြန်လိုက်ပါတယ်။
သထုံမြို့နယ်အတွင်း လျှပ်စစ်မီတာခ အတင်းအကျပ် လိုက်လံကောက်ခံနေမှုကို သထုံမြို့ပြ အထူးစစ်ဆင်ရေးအဖွဲ့နဲ့ သထုံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက အောက်တိုဘာ ၉ ရက်နေ့မှာ နောက်ဆုံးအကြိမ် သတိပေးစာ ထုတ်ပြန်လိုက်တာပါ။
သထုံ PDF အဖွဲ့တွေက ပြည်သူတွေ ဆင်းရဲကျပ်တည်းနေတဲ့အချိန်မှာ လျှပ်စစ်မီတာ ကောက်ခံနေမှုကို ရပ်တန့်က ရပ်ဖို့နဲ့ ဆက်လက်ကောက်ခံတာတွေ လုပ်ဆောင်နေမယ်ဆိုရင် ထိရောက်စွာ အရေးယူသွားမယ်လို့ ဆိုပါတယ်။
သထုံမြို့နယ်အတွင်းမှာ အာဏာသိမ်းစစ်ကောင်စီက မြို့ပေါ်ရပ်ကွက်နဲ့ ကျေးရွာတွေ လျှပ်စစ်မီတာခ လိုက်လံကောက်ခံနေတာ ဖြစ်ပြီး၊ မီတာခမပေးတဲ့ နေအိမ်တွေကို မီးဖြတ်တာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက DVB ကို ပြောပါတယ်။
သထုံဒေသခံတွေကတော့ စစ်တပ်အာဏာသိမ်းပြီးနောက် ကုန်ဈေးနှုန်း ကြီးမြင့်လာတာ၊ ကိုဗစ်ကပ်ရောဂါကြောင့် အလုပ်အကိုင် မရှိကြလို့ မီတာပေးဖို့ အခက်အခဲရှိတယ်လို့ ဆိုပါတယ်။
သထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဟာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ၄ ဦးထက်မနည်း သုတ်သင်ထားသလို စစ်ကောင်စီဝင်ငွေ ရရှိနေတဲ့ Mytel တာဝါတိုင်တွေကလည်း ဗုံးခွဲ ဖျက်ဆီးတာတွေ လုပ်ဆောင်ထားပါတယ်။
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ လျှပ်စစ်ရုံးတာဝန်ရှိသူတွေအနေနဲ့ မီတာခ ကောက်ခံနေတာ ရပ်တန့်ဖို့နဲ့ ဆက်လက်ဖိအားပေးလာရင် ထိရောက်စွာ အရေးယူသွားမယ်လို့ ဘီးလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF က ပြီးခဲ့တဲ့ ရက်ပိုင်းမှာ သတိပေးထားပါတယ်။