အကြမ်းဖက် စစ်ကောင်စီရဲ့ လက်အောက်မှာ ဆက်လက်တာဝန်ထမ်းဆောင်နေကြတဲ့ ကျန်းမာရေးဝန်ထမ်း အမှုထမ်း အရာထမ်း ၁၀ ဦးကို ဝန်ထမ်းအဖြစ်ကနေ ထုတ်ပယ်လိုက်တယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့၊ ကျန်းမာရေးဝန်ကြီးဌာနက အောက်တိုဘာ ၅ ရက်နေ့ ညနေပိုင်းက ထုတ်ပြန်ထားပါတယ်။
အဆိုပါ ကျန်းမာရေးဝန်ထမ်း ၁၀ ဦးဟာ CDM လှုပ်ရှားမှုမှာ ပါဝင်နေတဲ့ ပြည်သူ့ကျန်းမာရေးဝန်ထမ်းတွေကို ဖိအားပေးတာ၊ ခြိမ်းခြောက်တာ၊ ထုတ်ပယ်တာ၊ တရားစွဲဆိုတာတွေကို ဒီကနေ့အထိ လုပ်ဆောင်နေတာကြောင့် ပြည်သူ့ဝန်ထမ်းကျင့်ဝတ်နဲ့ စည်းမျဉ်းစည်းကမ်းတွေအရ ဝန်ထမ်းအဖြစ်ကနေ ထုတ်ပယ်လိုက်တာလို့ ဆိုပါတယ်။
ထုတ်ပယ်ခံလိုက်ရတဲ့ ဝန်ထမ်းတွေထဲမှာ စစ်ကောင်စီ၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးရဲ့ ညီမဖြစ်သူ ဒေါက်တာစုစုဒွေးလည်း ပါဝင်နေတယ်လို့ သိရပါတယ်။
ထုတ်ပယ်ခံလိုက်ရတဲ့ ဝန်ထမ်းစာရင်းထဲမှာ ကျန်းမာရေး လူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံဘဏ္ဍာ) ဒေါက်တာကျော်ရွှေ၊ မကူးစက်နိုင်သော ရောဂါများ ကာကွယ်နှိမ်နင်းရေး ဌာနခွဲ၊ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကျော်ကံကောင်း၊ အမျိုးသားကျန်းမာရေး စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်မှု စောင့်ကြပ်ကြည့်ရှုရေးဌာန (NIMU) က လက်ထောက်အတွင်းဝန် ဒေါက်တာ သန့်စင်ထူး၊ ကျန်းမာရေး စာရင်းအင်းပညာဌာန၊ ပြည်သူ့ကျန်းမာရေး တက္ကသိုလ် (ရန်ကုန်) က တွဲဖက် ပါမောက္ခ၊ ဌာနမှူး ဒေါက်တာကျော်စွာမြ၊ မန္တလေး ပြည်သူ့ဆေးရုံကြီးက ဆေးရုံအုပ်ကြီး ဒေါက်တာစုစုဒွေး၊ မွန်ပြည်နယ် ပြည်နယ်ပြည်သူ့ကျန်းမာရေးကျန်းမာရေးနှင့် ကုသမှု ဦးစီးဌာနမှူး ဒေါက်တာ နန္ဒဝင်း၊ တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး)က ပါမောက္ခချုပ် ဒေါက်တာ သိန်းဇော်လင်း၊ အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန ကုသရေးဦးစီးဌာနက ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဌေးဌေးတင်၊ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ကျန်းမာရေး သတင်းအချက်အလက် ဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာစန်းဟုမ်၊ပဲခူး ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာရန်နိုင်မောင်တို့ကို ဝန်ထမ်းအဖြစ်ကနေ ထုတ်ပယ်လိုက်တာလို့ ကြေညာချက်မှာ ပါရှိပါတယ်။