မကွေးတိုင်း ဂန့်ဂေါမြို့နယ် ဘော်ပြင်းရွာမှာ အောက်တိုဘာလ ၁ ရက်နေ့မွန်းလွဲပိုင်းက စစ်ရှောင်စခန်းကို မီးရှို့ပြီးပြန်လာတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေကို ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ရာ ၉ ယောက်လောက် သေဆုံးသွားတယ်လို့ အဲ့ဒီအဖွဲ့ကနေ သိရပါတယ်။
ဘော်ပြင်းရွာက စစ်ရှောင်စခန်းကိုမီးရှို့ပြီး လမ်းလျှောက်လာတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့ ၂၂ ယောက်လောက်ကို မွန်းလွဲ ၂ နာရီလောက်မှာ ယောဒေသကာကွယ်ရေးအဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ရာ ၉ ယောက်လောက်သေဆုံးခဲ့တယ်လို့ ကာကွယ်ရေး အဖွဲ့ဝင်တစ်ယောက်က DVB ကိုပြောပါတယ်။
ဘော်ပြင်းရွာမှာ NLD ထောက်ခံတဲ့ ပြည်သူတွေကို ပျူစောထီးတွေက ရန်ပြုတာကြောင့် ဘေးလွတ်ရာမှာ တိမ်းရှောင်နေကြတာလို့ ဆိုပါတယ်။
စစ်ကောင်စီတပ်သား ၁၇ ယောက်နဲ့ စစ်ယူနီဖောင်းဝတ် ပျူစောထီးတွေက စစ်ရှောင်ပြည်သူတွေရဲ့မိုးကာတဲ ၁၇ လုံးနဲ့ ဆိုင်ကယ် ၁၇ စီးကို မီးရှို့ဖျက်ဆီးခဲ့တာကြောင့် မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် စစ်သားတွေ သေဆုံးဒဏ်ရာရမှုအခြေအနေကို စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးဘူး။
ဂန့်ဂေါမြို့နယ်ထဲမှာ ဒလန်းရှင်းလင်းရေး အဖွဲ့တွေက ပျူစောထီး ၁၂ ယောက်လောက်ကို သုတ်သင်ရှင်းလင်းခဲ့ပြီး မြစ်သာမြစ်ထဲမှာ မီးရှို့ခံရတဲ့ ရွာတရွာမှာ ဒလန်အလောင်း ၃ လောင်း မြစ်ထဲမှာပေါ်လာတယ်လို့ သိရပါတယ်။
ယောဒေသအတွင်းမှာ YDF၊ PDF အဖွဲ့တွေ ရှိသလို ဒေသအတွင်း ကာကွယ်ရေးတပ်ဖွဲ့တွေကလည်း မိမိတို့ အသိစိတ်နဲ့ အကြမ်းဖက်စစ်အုပ်စုပြုတ်ကျရေးအတွက် တိုက်ပွဲဝင်နေကြပြီးတော့ အဖွဲ့စည်းအားလုံးနဲ့ အချိတ်ဆက်ရယူထားတယ်လို့ ဆိုပါတယ်။