ရှမ်း-ကယားနယ်စပ် ဖယ်ခုံမြို့နယ်၊ မိုးဗြဲဘက်ကနေ ဖယ်ခုံ-လွိုင်ကော် ကားလမ်းမတလျှောက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ PDF ပူးပေါင်းတပ်တွေ ဒီနေ့မွန်းတည့် ၁၂ နာရီခွဲလောက်က ကုန်းသာရွာအနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဖယ်ခုံ PDF က ဒီနေ့ညနေ ထုတ်ပြန်ပါတယ်။
စစ်ယာဥ်တန်း ၄၀ ကျော်ပါ စစ် ကောင်စီစစ်ကြောင်းနဲ့ ဖယ်ခုံPDF (အင်းအရှေ့ခြမ်းတပ်ခွဲ)၊ လွိုင်ကော် PDF၊ ဒီးမော့ဆို PDF နဲ့ အခြားနယ်မြေခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေပါဝင်တဲ့ တပ်ပေါင်းစုတို့ ရှမ်းကယားနယ်စပ် လွိုင်ကော်မြို့နယ် ကုန်းသာရွာအနီးတိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။
နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်ကလည်း ကျဆုံးဒဏ်ရာရမှုတွေ ရှိနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကုန်းသာကျေးရွာတိုက်ပွဲမှာ ဖယ်ခုံ PDF က အင်အား ၃၀၀ နီးပါး ပါဝင်တိုက်ခိုက်နေပြီး ဖယ်ခုံ PDF က ၄ ဦးကျဆုံးကာ စစ်ကောင်စီတပ်ဘက်ကတော့ ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုရဲ့ ပိတ်ဆို့တိုက်ခိုက် ခံရတာကြောင့် အခြေအနေဆိုးဆိုးရွားရွား ထိခိုက်မှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။
လက်ရှိအခြေအနေမှာ စစ်ကောင်စီတပ်တွေ ကုန်းသာကျေးရွာမှာ ပိတ်မိနေပြီး ပြည်သူ့ကာကွယ်ရေးတပ်တွေက ပစ်ခတ်တိုက်ခိုက်နေတယ်လို့ ဖော်ပြထားပါတယ်။
ခမရ ၄၂၂ က ကုန်းသာကျေးရွာဘက် လက်နက်ကြီးပစ်ကူပေးနေတာကြောင့် ဖယ်ခုံမြို့နယ်၊ မိုးဗြဲနဲ့ ခမရ-၄၂၂ ကြားမှာ မိုးဗြဲ PDFနဲ့ စစ်ကောင်စီတပ်တွေလည်း တိုက်ပွဲပြင်းထန်နေတယ်လို့ ဆိုပါတယ်။
ဒီနေ့ ညနေ ၃း၄၅ လောက်မှာလည်း ဖယ်ခုံမြို့ အမှတ်-၇ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်ဘက်ကနေ လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်နေတာကြောင့် ဖယ်ခုံ PDFနဲ့ အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပြီး ဖယ်ခုံ PDF က ပစ်ခတ်တဲ့ လက်နက်ကြီးနှစ်လုံး စစ်တပ်ဘားတိုက်အပေါ် ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ စစ်တပ်ကလည်း လူနေအိမ်တွေအပေါ် လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်နေတာကြောင့် နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ပါတယ်။
စစ်ကောင်စီတပ်က ဒီနေ့ညနေအထိ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ အဆက်မပြတ် ပစ်ခတ်နေတယ်လို့ ဖယ်ခုံ PDF က ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ်တွေက စက်တင်ဘာ ၂၈ ရက်ကလည်း ည ၁၂ အချိန်ထိနဲ့ မနက်ပိုင်းမှာလည်း လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
စက်တင်ဘာ ၂၇ ရက်ကလည်း ကသဲကျေးရွာအနီး တိုက်ပွဲမှာ စစ်ကောင်စီတပ်က အသက် ၁၇ နှစ်အရွယ် လူငယ်နှစ်ဦးကို ဖမ်းဆီးပစ်သတ်ဖြတ်ခဲ့ပြီး ဒီနေ့ညနေမှ အလုပ်ပြန်တွေ့ခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ရှမ်း-ကယားနယ်စပ် ဖယ်ခုံ-မိုးဗြဲ-ဒီးမောဆို-လွိုင်ကော်မြို့နယ်တွေက ပြည်သူတွေဟာ စစ်ကောင်စီရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် စစ်ပွဲဆိုးကျိုးဒဏ်တွေကို အလူးအလဲ ခံစားနေရပါတယ်။