မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးကျေးရွာကို စစ်ကောင်စီတပ်တွေက စက်တင်ဘာ ၂၄ ရက်ကစတင်ဝင်ရောက် ယာယီတပ်စခန်းချထားကာ Mytel တာဝါတိုင် မိုင်းခွဲခံရတဲ့ကိစ္စ ရွာသားတွေကို ဖမ်းဆီးရိုက်နှက် စစ်ဆေးနေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
စက်တင်ဘာ ၂၀ ရက်က ချောင်းကြီးကျေးရွာအနောက်ဘက် သုသာန်အနီးရှိ စစ်တပ်ပိုင် Mytel တာဝါတိုင် မိုင်းခွဲခံရပြီးနောက် စက်တင်ဘာ ၂၄ ရက်မှာ စစ်တပ်တွေ ဝင်ရောက်လာတာ ဖြစ်ပါတယ်။
ချောင်းကြီးကျေးရွာမှာ ယာယီတပ်စခန်းချပြီးနောက် ဧည့်စာရင်းစစ်တာ၊ တယ်လီဖုန်းတွေ စစ်ဆေးတာတွေ ပြုလုပ်နေပြီး ရွာသားတချို့ကိုတော့ နေအိမ်အတွင်း လိုက်လံဖမ်းဆီးကာ ရိုက်နှက်စစ်ဆေးတာတွေ ပြုလုပ်နေတယ်လို့ ကနဦး သိရပါတယ်။.
ဒေသခံတစ်ဦးက “ချောင်းကြီးရဲကင်းကို ကင်းတဲဆောက်ထားတယ်၊ အဲဒီရွာမှာ ဧည့်စာရင်းတွေ စစ်တာတွေ ဖုန်းတွေ စစ်တာတွေ ဖမ်းဆီးရိုက်နှက်စစ်ဆေးတာတွေလည်း ရှိတယ်ကြားတယ်။ ရွာမှာ တပ်စွဲထားတော့ ရွာသားတွေ ကြောက်လန့်ပြီး အပြင်ကို မထွက်ရဲကြဘဲ တရွာလုံး တိတ်ဆိတ်နေတယ်'' လို့ပြောပါတယ်။
ချောင်းကြီးကျေးရွာ ရဲကင်းထိပ်မှာ ရဲကင်းအခိုင်အမာတည်ကာ စစ်ကား ၂၀ စီးခန့်၊ အင်အား ၃၀၀ လောက်နဲ့ တပ်စွဲထားတဲ့အပြင် ချောင်းကြီးဝါးစခန်း စာသင်ကျောင်းဝန်းအတွင်းနဲ့ ငါးတန့်အိုင်ကျေးရွာအနီးမှာလည်း အင်အားအလုံးအရင်းနဲ့ တပ်စွဲထားပါတယ်။
စစ်ကောင်စီတပ်တွေ တပ်စွဲထားတဲ့အတွက် အနီးဝန်းကျင်ရှိ ကျေးရွာတွေမှာ ဒေသခံတွေရဲ့ စီးပွားရေးလုပ်ငန်းတွေ ရပ်ဆိုင်းထားရပြီး ပြည်သူလူထုတွေ စိုးရိမ်ကြီးစွာ နေထိုင်နေ ရပါတယ်။
သပိတ်ကျင်းမြို့နယ်မှာ စက်တင်ဘာ ၂၀ ရက်က ချောင်းကြီးကျေးရွာအနီးရှိ Mytel တာဝါ မိုင်းခွဲခံရပြီး စက်တင်ဘာ ၂၁ ရက်မှာလည်း ဖယ်ရှည်ကျေးရွာ အုပ်ချုပ်ရေးမှူးအိမ် မိုင်းခွဲခံရပါတယ်။