မွန်ပြည်နယ် သထုံမြို့နယ်၊ ဝင်းစိန်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသာစိုင်းဟာ စက်တင်ဘာ ၂၇ ရက် ဒီနေ့မနက်ပိုင်းက သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရလို့ ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသာစိုင်းဟာ သူ့နေအိမ်ကနေ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးကို ဆိုင်ကယ်နဲ့ လာစဉ် အမည်မသိ သေနတ်သမား ၂ ဦး ဆိုင်ကယ်တစ်စီးနဲ့ ရောက်ရှိလာပြီး အနီးကပ် သေနတ်ဖြင့် ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။
အုပ်ချုပ်ရေးမှူး ဦးသာစိုင်းဟာ သေနတ် ဒဏ်ရာ ၂ ချက် ရရှိခဲ့ပြီး သထုံခရိုင်ပြည်သူ့ဆေးရုံမှာ တက်ရောက်ကုသနေပေမဲ့ စိုးရိမ်ရတဲ့အခြေအနေမှာ ရှိတယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့က ပြောပါတယ်။
အုပ်ချုပ်ရေးမှူး ဦးသာစိုင်းကို သေနတ်ဖြင့် ပစ်ခတ်ခဲ့တာဟာ သူတို့ လက်ချက်ဖြစ်တယ်လို့ အာဠာဝက ပြောက်ကျားအင်အားစုက ထုတ်ပြန်ပါတယ်။
အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကျေးရွာအတွင်း လှည့်ပတ် စစ်ဆေးနေသလို သထုံ အဝင်အထွက်မှာလည်း လုံခြုံရေးတင်းကျပ်ထားပါတယ်။
သထုံမြို့နယ်မှာတော့ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ခန့်အပ်ထားတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး ၃ ဦး သေနတ်နဲ့ ပစ်သတ်ခံထားရပါတယ်။