Live
Home
မြန်မာသတင်း
ဗဟိုဘဏ်က ဒေါ်လာ ၁၅ သန်းထပ်ရောင်း၊ ၁ ဒေါ်လာကို ၂,၃၀၀ ကျပ်၊ ရွှေ ၁ ကျပ်သား ကျပ် သိန်း ၂၀ ကျော်မြင့်တက်
DVB
·
September 27, 2021

စစ်ကောင်စီဗဟိုဘဏ်က စက်တင်ဘာ ၂၇ ရက် ဒီကနေ့မှာ အမေရိကန်ဒေါ်လာ ၁၅ သန်း  နိုင်ငံခြားငွေဈေးပြိုင်လေလံနဲ့ ပျမ်းမျှငွေလဲလှယ်နှုန်း ၁,၇၅၅ ကျပ် သတ်မှတ်ပြီး ထပ်မံ ရောင်းချခဲ့ပါတယ်။

ဗဟိုဘဏ်က အခုစက်တင်ဘာလအတွင်း ငါးကြိမ်မြောက် ဒေါ်လာ ထုတ်ရောင်းချတာဖြစ်ပြီး စုစုပေါင်း အမေရိကန်ဒေါ်လာ ၆၃ သန်းအထိ ရောင်းချထားပြီး ဖြစ်ပါတယ်။

ဆက်တိုက်မြင့်တက်နေတဲ့ အမေရိကန်ဒေါ်လာစျေးကို ထိန်းချုပ်ဖို့ ပြည်တွင်း ငွေကြေးစျေးကွက်အတွင်းကို သန်းဆယ်ချီတဲ့ ဒေါ်လာတွေ မကြာခဏ ထုတ်ရောင်းချပေးနေပေမဲ့လည်း ဒေါ်လာစျေးက ကျမသွားဘဲ ဆက်လက်မြင့်တက်နေတာပါ။

စက်တင်ဘာ ၂၇ ရက်နေ့ ပြင်ပစျေးကွက်မှာ အမေရိကန် ဒေါ်လာငွေလဲနှုန်းက ၂,၃၀၀  ဝန်းကျင် ရောက်ရှိနေပြီး၊ ရွှေစျေးက အခေါက်ရွှေ ၁ ကျပ်သားကို ကျပ် သိန်း ၂၀ ကျော်အထိ စံချိန်သစ်တင်ခဲ့ပါတယ်။

ဒါဟာ မြန်မာ့ရွှေဈေးသမိုင်းမှာ စံချိန်တင်အမြင့်ဆုံးမှတ်တမ်းဝင်တဲ့ ဈေးဖြစ်ပေမဲ့ လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေအရ ရွှေဈေးက ထပ်မံ မြင့်တက်နိုင်တဲ့ အခြေအနေရှိတယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းကြပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်  မြန်မာရွှေဈေးဟာ တစ်ရိပ်ရိပ်မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။

အခုနှစ် ဖေဖော်ဝါရီလဆန်းပိုင်းက  အခေါက်ရွှေတစ်ကျပ်သားကို ၁၄ သိန်း၂ သောင်းနဲ့ တရိပ်ရိပ်တက်လာတဲ့ ပြည်တွင်းရွှေဈေးနှုန်းဟာ စက်တင်ဘာ ၂၇ ရက်နေ့မှာ တစ်ကျပ်သားကို ကျပ် ၂၀သိန်း တစ်သောင်းခန့်အထိ စံချိန်တင်မြင့်တက်ခဲ့တာဖြစ်ပါတယ်။

မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းပြီး အမေရိကန်ဒေါ်လာ ငွေတန်ဖိုး တစ်ရိပ်ရိပ်မြင့်တက်နေတာနဲ့ ပိုင်ဆိုင်မှုတန်ဖိုးတွေမလျော့ကျအောင် ငွေရှိသူတွေက ရွှေမှာရင်းနှီးမြုပ်နှံမှုပိုလုပ်လာကြတာတွေက  ပြည်တွင်းရွှေဈေးတက်စေတဲ့ အဓိကအချက်လို့ သုံးသပ်ကြပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024