စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ကံစုကျေးရွာဘက်သွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ စက်တင်ဘာ ၂၆ ရက်မနက်ပိုင်းက လမ်းခုလပ်မှာတွေ့တဲ့ ပြည်သူ ၃ ဦးကို သေနတ်နဲ့ ပစ်သတ်သွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဒေသခံတစ်ဦးက“စစ်ကောင်စီတပ်က သေနတ်နဲ့ပစ်လို့ ၃ ဦး သေဆုံးတယ်ဆိုတာကို ကျနော်တို့လည်း နောက်မှသိရတာ။ ပစ်သတ်ခံရတဲ့နေရာကလည်း ကံစုရွာနဲ့ ဘန့်ဘွေးရွာကြားမှာဖြစ်ပြီး သူတို့(စစ်ကောင်စီတပ်ဖွဲ့)လာလို့ ကြောက်လန့်ပြီး ပြေးရင်း အပစ်ခံလိုက်ရတာ ထင်တယ်”လို့ ပြောပါတယ်။
သေဆုံးသူ ၃ ဦးစလုံးက ဘန့်ဘွေးရွာသား အမျိုးသားတွေဖြစ်တယ်လို့ သိရသလို အဲဒီအခင်းဖြစ်နေရာအနီးမှာ စစ်ကောင်စီတပ်ဖွဲ့တွေရှိနေလို့ သေဆုံးသူတွေရဲ့အလောင်းတွေကို လက်ရှိအချိန်ထိ မကောက်ရဲကြသေးဘူးလို့ ဒေသခံက ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဟာ ဘန့်ဘွေးကျေးရွာနဲ့ ကံစုကျေးရွာကြားမှာရှိတဲ့ တောနေအိမ်နဲ့ အိမ်ထဲရှိ ဆိုင်ကယ်ပါ မီးရှို့သွားခဲ့သလို ကံစုကျေးရွာအတွင်းရှိ နေအိမ် ၁ လုံးကိုလည်း မွှေနှောက်ဖျက်ဆီးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။