Live
Home
မြန်မာသတင်း
ကနီမြို့နယ်တွင် စစ်ကောင်စီအကြမ်းဖက်တပ်သားများ သက်ငယ်မုဒိမ်းမှု ကျူးလွန်
DVB
·
September 26, 2021

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ  စစ်ကောင်စီအကြမ်းဖက်တပ်သားတွေက ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက်ပိုင်း သက်ငယ်မုဒိမ်းမှု၊ အုပ်စုဖွဲ့ မုဒိမ်းကျင့်မှုအပါအဝင် မုဒိမ်းမှု ကျူးလွန်တာ အနည်းဆုံး ၃ မှုရှိနေပြီလို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ 

မုဒိမ်းမှုကျူးလွန်မှု ၃ မှုမှာ ကျူးလွန်ခံရသူ အမျိုးသမီးစုစုပေါင်း ၄ ဦးထိရှိပြီး အသက်အငယ်ဆုံး ၁၃ နှစ်ကနေ အကြီးဆုံး ၄၅ နှစ်ထိ ပါဝင်တယ်လို့ သိရပါတယ်။ 

“ပထမအကြိမ်က ဇွန်လထဲမှာ ဖြစ်တာ။ ဒုတိယအကြိမ်က ဇူလိုင်လထဲမှာ ဖြစ်တာ။ အဲဒါက အမျိုးသမီးနှစ်ယောက်ကို အုပ်စုဖွဲ့ပြီး မုဒိမ်းကျင့်တာ။ နောက်ဆုံး တတိယအကြိမ်ကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းပဲ ဒီလထဲမှာပဲ ဖြစ်သွားတာ”လို့ ကနီဒေသခံတဦးက ပြောပါတယ်။

မုဒိမ်းကျင့်ခံရတဲ့အမျိုးသမီးတွေဟာ  ရှက်ကြောက်တဲ့အတွက် မပြောဆိုဘဲ နေခဲ့ကြတာဖြစ်ပြီး ဆေးထိုးလာမှသာ သိရတဲ့ အခြေအနေတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ 

ဇွန်လအတွင်း ကျူးလွန်ခံရတဲ့ အမျိုးသမီးက အသက် ၂၆ နှစ်အရွယ် မိန်းမပျိုဖြစ်ပါတယ်။ ဇူလိုင်လအတွင်း ကျူးလွန်ခံရသူတွေကတော့ အသက် ၃၀ နှစ်နဲ့ ၄၅ နှစ်အရွယ် အမျိုးသမီးတွေ ဖြစ်ကာပြီးခဲ့တဲ့ စက်တင်ဘာလ ၁၆ ရက်နေ့က ကျူးလွန်ခံရသူကတော့ အသက် ၁၃ နှစ်သာ ရှိသေးတဲ့ အရွယ်မရောက်သေးတဲ့ မိန်းကလေးငယ် ဖြစ်တယ်လို့ သိရပါတယ်။ 

မုဒိမ်းမှုကျူးလွန်ခဲ့တဲ့ တပ်ရင်း၊ တပ်ဖွဲ့နဲ့ လူပုဂ္ဂိုလ်တွေကိုတော့ စုံစမ်းနေဆဲ ဖြစ်ပါတယ်။ ကနီမြို့နယ်အတွင်းက စစ်ကောင်စီအကြမ်းဖက်တပ်တွေရဲ့ မုဒိမ်းမှု၊ လူသတ်မှု၊ မီးရှို့မှု၊ လုယက်မှု စတဲ့ စစ်ရာဇဝတ်မှုတွေနဲ့ပတ်သက်ပြီး ကုလသမဂ္ဂကို တင်ပြနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဝန်ကြီးဌာနကို သက်သေနဲ့တကွ တင်ပြထားတယ်လို့လည်း သိရပါတယ်။ 

လက်ရှိမှာလည်း ကနီမြို့နယ်အပြင် စစ်ကိုင်းတိုင်းအတွင်းက မြို့နယ်တော်တော်များများနဲ့ မကွေးတိုင်း၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ မန္တလေးတိုင်းစတဲ့နေရာတွေက မြို့နယ်တချို့မှာ အင်တာနက် ဖုန်းလိုင်း ဖြတ်တောက်ခံထားရပြီး စစ်ရေးတိုးချဲ့မှု၊ လူသတ်မှု၊ မတရားဖမ်းဆီးမှု၊ လုယက်မှု၊ မီးရှို့မှု စတာတွေကို နေ့စဉ်နဲ့အမျှ ကျူးလွန်နေဆဲ ဖြစ်ပါတယ်။

စစ်ကောင်စီအကြမ်းဖက်တပ်တွေဟာ အရင်က တိုင်းရင်းသားဒေသတွေမှာလည်း မုဒိမ်းမှုတွေ ကျူးလွန်ခဲ့တာရှိပေမဲ့ အမှုအများစုကတော့ ကျူးလွန်သူတွေ အရေးယူမခံရဘဲ လွတ်မြောက်နေခဲ့တာ ဖြစ်ပါတယ်။ 

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024