ဧရာဝတီတိုင်းမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အာဏာဖီဆန် CDM မှာပါဝင်ခဲ့ပြီး အလုပ်ထုတ်ပယ်ခဲ့တဲ့ ကျန်းမာရေးဝန်ထမ်းတွေနေရာမှာ လူ ၃၃၄ ဦးကို အကြမ်းဖက်စစ်ကောင်စီက အစားထိုး ခန့်အပ်လိုက်ပါတယ်။
ဧရာဝတီတိုင်းအတွက် အသစ်ခန့်အပ်လိုက်တဲ့ ကျန်းမာရေးမှူး-၄ (ပြည်သူ့ကျန်းမာရေးကြီးကြပ်-၂) ၃၃၄ ဦးကို စက်တင်ဘာလ ၂၂ ရက်နေ့ အောင်စာရင်းထုတ်ပြန်ခဲ့တာဖြစ်ပြီး အောက်တိုဘာလက စတင်ကာ အစားထိုးခန့်အပ်သွားမှာဖြစ်တယ်လို့ CDM ဝန်ထမ်း ၁ ဦးကပြောပါတယ်။
" ဒီအချိန်မှာ ရိုင်းရိုင်းပြောရရင် ခွေးတိုးပေါက်က ဝင်လာကြတာပေါ့။ အဓိကတော့ ကိုယ့်လိပ်ပြာ ကိုယ်လုံဖို့အရေးကြီးပါတယ်။ စစ်အာဏာရှင် အုပ်ချုပ်တာ လက်မခံနိုင်လို့ ဒီလမ်းရွေးခဲ့တာ နောင်တ မရပါဘူး အမြဲဂုဏ်ယူနေမှာပါ''လို့ ပြောပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း CDM ပြုလုပ်လို့ အလုပ်ထုတ်ပယ်ခံရပြီး အလုပ်လက်မဲ့ဖြစ်နေပေမယ့် ပြည်သူတွေအပေါ် လိပ်ပြာသန့်သန့်ဆက်ဆံနိုင်တာကြောင့် ဝမ်းသာရတယ်လို့ ဆိုပါတယ်။
ဧရာဝတီတိုင်းအတွက် အစားထိုးခန့်အပ်လိုက်တယ် ကျန်းမာရေးမှူး-၄ (ပြည်သူ့ကျန်းမာရေးကြီးကြပ်-၂) ၃၃၄ ဦးမှာ တိုင်းအတွင်း မြို့နယ် ၂၆ မြို့နယ်က စစ်တပ်ထောက်ခံသူ မိသားစုအသိုင်းဝိုင်းက လူတွေဖြစ်တယ်လို့ သိရပါတယ်။