စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ကျီးကုန်းကျေးရွာကို စက်တင်ဘာ ၂၃ ရက် မနက် ၉ နာရီလောက်မှာ စစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်တွေ ဝင်ရောက်စီးနင်းပြီး မီးရှို့ခဲ့တဲ့အတွက် နေအိမ် ၁၁ လုံးမီးလောင်သွားသလို စပါး ၆၀၀ ခန့်လည်း မီးထဲပါသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။
“အဲဒီရွာမှာ ညက ပစ်ခတ်မှုဖြစ်တယ် ၊ ဒါကြောင့် ဒီနေ့မနက် ရဲနဲ့စစ်သားတွေရောက်လာပြီး မီးရှို့တာတွေလုပ်နေတယ်။ နေအိမ် ၁၁ လုံးနဲ့ စပါး၆၀၀ ကျော်လောက်မီးထဲပါသွားတယ်၊ NLD ထောက်ခံသူတွေရဲ့နေအိမ်တွေရွေးပြီး မီးရှို့သွားတယ်”လို့ ဒေသခံရွာသားကပြောပါတယ်။
ကျီးကုန်းရွာဟာ တန့်ဆည်မြို့ရဲ့အနောက်တောင်ဘက် ရေဦးမြို့နယ်စပ်မှာရှိပြီး၊ မနေ့ညက ပျူစောထီးလို့ ဒေသတွင်းနာမည်ကြီးသူ ဦးရဲမြင့်ရဲ့အိမ်မှာ အဖွဲ့အစည်းတခုနဲ့ အပြန်အလှန် ပစ်ခတ်မှုတွေဖြစ်ပြီး နောက် ဒီနေ့မနက်ပိုင်းမှာ စစ်အင်အား အလုံးအရင်းနဲ့ လာရောက် မီးရှို့တာလို့ ဆိုပါတယ်။
ညက အပြန်အလှန်ပစ်ခတ်မှုမှာ နှစ်ဖက် ထိခိုက်ဒဏ်ရာရမှုအခြေအနေကို မသိရသေးပါဘူး။