စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်၊ မြင်သည်ရွာမှာ စက်တင်ဘာ ၂၃ ရက်မနက် ၆ နာရီလောက်က ပြည်သူတစ်ဦးကို စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“အဲဒီကောင်တွေ မနက်အစောကြီးရောက်လာတာဗျ၊ ကားတစ်စီးနဲ့အပြည့်ပဲ။ ပျိုးနုတ်သွားတဲ့ သားဖ ၄ ယောက်ကို ဖမ်းခေါ်ပြီး သူတို့သိခြင်တဲ့ အိမ်တွေ လိုက်ပြခိုင်းတယ်။ အကုန်မွှေတာတော့မဟုတ်ဘူး၊ အိမ်ထဲပဲဝင်ရှာပြီး ပြန်သွားတယ်။ တစ်ယောက်တော့ မိလို့ ဖမ်းခေါ်သွားတယ်။ သားဖ ၄ ယောက်ကိုတော့ ပြန်လွှတ်ထားခဲ့တယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
မြင်းသည်ရွာသား ကိုမြင့်ဇော် နေအိမ်မှာ အိပ်နေစဉ် ရွှေဘိုမြို့နယ်၊ ပလိုင်းရွာမှာ တပ်စွဲထား တဲ့စစ်တပ်က လာရောက်ဖမ်းသွားတာလို့ သိရပါတယ်။
ဝက်လက်မြို့နယ်၊ မြင်းသည်ရွာကို ဩဂုတ် ၁၈ ရက်နေ့ကလည်း စစ်တပ်က စီးနင်းဝင်ရောက်ပြီး စားသောက်ကုန်နဲ့ လူသုံးကုန်ပစ္စည်းတွေယူသွားကြပါတယ်။
ဒါ့အပြင် NLD ပါတီဝင် ၄ ဦးဖမ်းဆီးထားပြီး အခုထိ ပြန်လည်လွတ်မြောက်ခြင်းမရှိသေးဘူးလို့ သိရပါတယ်။