စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ မကျီးကန်နဲ့ ကြာပင်လှကျေးရွာတွေက ရွာသား ၂၀ ကျော်ကို စက်တင်ဘာ ၂၂ ရက် မနက်ပိုင်းမှာ စစ်တပ်က ဖမ်းဆီးစစ်ဆေးတာတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“မနေ့ကစပြီး မကျီးကန်ရွာစာသင်ကျောင်းကို စစ်တပ်က တပ်လာစွဲတယ်။ ညနေခင်းကစပြီး ဖမ်းတာပဲ၊ တချို့ကိုလည်း အိမ်တွေမှာစုပြီး ကြိုးနဲ့တုပ်ဖမ်းထားတာမျိုး ရှိတယ်။ တချို့ကို စာသင်ကျောင်းဆီ ခေါ်သွားကြတယ်။ အခုဆို ရွာထဲမှာလည်း ဘယ်သူမှ မရှိကြတော့ဘူး၊ အကုန်ပြေးကုန်ပြီ။ မနေ့ညကလည်း ရွာမှာ မအိပ်ရဘူး” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ စက်တင်ဘာ ၂၁ ရက်နေ့ကစပြီး အင်အားအလုံးအရင်းနဲ့ လာရောက်တပ်စွဲပြီး မကျီးကန်ကျေးရွာနဲ့ ကြာပင်လှကျေးရွာရှိ နေအိမ်တွေကို ဝင်ရောက်ရှာဖွေကာ ဒေသခံ ၂၀ ထက်မနည်း အကြောင်းမဲ့ ဖမ်းဆီးချုပ်နှောင် ရိုက်နှက်စစ်ဆေးတာတွေ ပြုလုပ်နေတာလို့ ဒေသခံတွေဆီက သိရပါတယ်။
အရာတော်မြို့နယ်မှာ ဩဂုတ် ၂၅ ရက်နေ့ကလည်း ကြွေပုဂံရွာကို ဝင်ရောက်စီးနင်း ဖမ်းဆီး စစ်ဆေးတာတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။