မြန်မာနိုင်ငံကနေ အသုံးဝင်သတ္တုပေါင်းစုံပါဝင်နေတဲ့ မြေရှားသတ္တုဒြပ်စင် (Rare-earth ) တွေကို တရုတ်နိုင်ငံဆီသို့ တင်သွင်းမှုဟာ သြဂုတ်လမှာ နှေးကွေးသွားခဲ့တယ်လို့ စက်တင်ဘာ ၂၀ ရက် တရုတ်အကောက်ခွန်စာရင်းတွေအရ သိရပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို တားဆီးဖို့အတွက် အဓိကကျတဲ့ နယ်စပ်ဖြတ်ကျော်ဂိတ်တစ်ခု ပိတ်ထားတာကြောင့် ခုလို တင်သွင်းမှု နည်းသွားတာလို့ ရိုက်တာသတင်းမှာဖော်ပြပါတယ်။
လူသုံးလျှပ်စစ်ပစ္စည်းနဲ့ စစ်သုံးပစ္စည်းတွေမှာ အသုံးပြုတဲ့ ဓာတ်သတ္တု ၁၇ မျိုးလောက်ပါဝင်တဲ့ ဒြပ်ပစ္စည်းအုပ်စုဖြစ်တဲ့ မြေရှားသတ္တုဒြပ်စင်ကို တရုတ်နိုင်ငံဟာ ကမ္ဘာပေါ်မှာ အများဆုံးထုတ်လုပ်နိုင်တဲ့ နိုင်ငံဖြစ်ပေမဲ့ တရုတ်နိုင်ငံဟာ ပစ္စည်းထုတ်လုပ်ဖို့ များပြားလှတဲ့ ဒီမြေရှားဒြပ်စင် ၅၀ ရာခိုင်နှုန်းလောက်ကို မြန်မာနိုင်ငံကနေ မှီခို ရယူနေတာ ဖြစ်ပါတယ်။
မြေရှားဒြပ်စင် တင်ပို့မှုနှေးကွေးခြင်းကြောင့် လျှပ်စစ်ဓာတ်အားသုံး မော်တော်ယာဉ်တွေနဲ့ လေအားသုံးတာဘိုင်တွေမှာ အသုံးပြုတဲ့ မြေရှားသံလိုက်တွေကို ထုတ်လုပ်သူတွေမှာ တဆင့်ခံအကျိုးသက်ရောက်မှုတွေ ကြုံနေရပြီး terbium နဲ့ dysprosium တို့လို အဓိကသံလိုက်သွင်းအားစုတွေအတွက် စျေးနှုန်းတွေ တက်နေပြီလို့ ဆိုပါတယ်။
တရုတ်နိုင်ငံကို မြန်မာနိုင်ငံကနေ မြေရှားဒြပ်စင် တင်ပို့မှုတွေဟာ အရင်လက ၂၃ တန်သာ ရှိခဲ့တယ်လို့ တရုတ်အကောက်ခွန် အထွေထွေအုပ်ချုပ်ရေးမှ ထုတ်ပြန်တဲ့ အချက်အလက်တွေအရ ပြထားပါတယ်။
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် တိန်းချုံးရှိ နယ်စပ်ဖြတ်ကျော်မှုကို ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကို ကာကွယ်ဖို့အတွက် ဇူလိုင်လလယ်က ပိတ်ထားခဲ့ပါတယ်။
မြန်မာနိုင်ငံမှ တရုတ်နိုင်ငံကို ရှားပါးမြေဆီ တင်သွင်းမှုဟာ သြဂုတ်လမှာ တန်ချိန် ၇၀ သာရှိခဲ့ပြီး ဇူလိုင်လက တန်ချိန် ၂၇၀ ကနေ ၉၃ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့လကတော့ မြန်မာနိုင်ငံမှ တရုတ်ကို ကာဗွန်နိတ်တွေ ပေါင်းစပ်ပါဝင်နေတဲ့ မြေရှားဒြပ်စင် တင်ပို့မှု လုံးဝမရှိခဲ့ပါဘူး။
အချိန်တိုအတွင်း နယ်စပ်ဂိတ်တွေ ပြန်ဖွင့်ဦးမှာမဟုတ်လို့ အခြေအနေက မတိုးတက်သေးပါဘူးလို့ စက်တင်ဘာ ၁၅ ရက် webinar မှာ Roskill မှ လေ့လာဆန်းစစ်သူ လက်စ်လီလီအန်းက ပြောပါတယ်။
ဆိုလိုတာကတော့ တရုတ်ဟာ မြန်မာနိုင်ငံမှာ သတ္တုရိုင်းတွေကို သန့်စင်ဖို့ ဓာတုပစ္စည်းတွေ မပို့ပေးနိုင်သလို မြေရှားဒြပ်စင် တင်သွင်းမှုကိုလည်း မလုပ်နိုင်ဘူးလို့ ဖြည့်ပြောပြပါတယ်။
လွန်ခဲ့တဲ့ငါးနှစ်ကျော်လောက်က မြန်မာနိုင်ငံကို မှီခိုအားထားလေ့ရှိတဲ့ တရုတ်နိုင်ငံပိုင်လုပ်ငန်းတွေ အပါအဝင်အားလုံးဟာ အခုဆိုရင် ကိုယ့်ဆီပစ္စည်းပေးသွင်းသူ မရှိသလောက်နည်းပြီး supply-chain (ကုန်ကြမ်းမှ ကုန်ချောထုတ်ပြီး စားသုံးသူထံပေးပို့သည့်လုပ်ငန်းစဉ်) ပြဿနာ ရင်ဆိုင်နေရပြီလို့လည်း ဆိုပါတယ်။
Source- Reuters