တနင်္သာရီတိုင်း ထားဝယ်မြို့နယ်က တက္ကသိုလ်ကျောင်းသားအပါအဝင် လူငယ် ၃ ဦးကို စက်တင်ဘာ ၂၀ ရက် ညနေပိုင်းမှာ စစ်ကောင်စီတပ်က ပစ်ခတ်ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
စက်တင်ဘာ ၂၀ ရက်၊ ညနေ ၃ နာရီခွဲခန့်အချိန်က ထားဝယ်တက္ကသိုလ် မြန်မာစာအထူးပြု တတိယနှစ်ကျောင်းသား ကိုစိုးပြည့်အောင်နဲ့ မစိုးမီမီကျော် (အင်္ဂလိပ်စာအထူးပြု ကျောင်းသူအဟောင်း) တို့ နေအိမ်မှာ ပစ်ခတ်ဖမ်းဆီးခံရတာလို့ ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီ (ထားဝယ်ခရိုင်) က ထုတ်ပြန်ထားပါတယ်။
သူတို့ ၂ ဦးကို ထားဝယ်မြို့က နေအိမ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေက သေနတ်ပစ်ခတ် ဝင်ရောက်ဖမ်းဆီးခဲ့တာလို့ ဖမ်းဆီးခံရစဥ် ထွက်ပြေးလွတ်မြောက်လာသူတဦးဆီက သိရတယ်လို့ ဆိုပါတယ်။
မသျှားပြည့်ခင်ဆိုသူ အမျိုးသမီးတစ်ဦးလည်း သူတို့နှစ်ဦး ဖမ်းဆီးခံရပြီး မကြာမီအချိန်ပိုင်းအတွင်း စစ်ကောင်စီတပ်သားတွေရဲ့ မတရားအကြမ်းဖက် ဖမ်းဆီးတာ ခံခဲ့ရတယ်လို့ ဆိုပါတယ်။