Home
မြန်မာသတင်း
မောရဝတီရေတပ်စခန်းဌာနချုပ်က CDM စစ်သည် ၇ ဦး လွတ်မြောက်နယ်မြေ ရောက်ရှိ
DVB
·
September 20, 2021

တနင်္သာရီတိုင်း ရေဖြူမြို့နယ်ရှိ မောရဝတီရေတပ်စခန်းဌာနချုပ်ရဲ့ မောင်းမကန်ဘုတ်ကျွန်းက တာဝန်ကျ စစ်သည်တော် ၇ ဦးဟာ အာဏာဖီဆန်ရေး (CDM) ပြုလုပ်ခဲ့ပြီး ဒီကနေ့ စက်တင်ဘာ ၁၉ ရက်နေ့မှာ လုံခြုံတဲ့လွတ်မြောက်နယ်မြေကို ရောက်ရှိသွားကြပြီလို့ လွတ်မြောက်အောင်ကူညီပေးခဲ့သူတစ်ဦးက ပြောပါတယ်။

“မြို့ထဲ စျေးဝယ်ခိုင်းတဲ့အချိန် ထွက်ပြေးလာကြတာ၊ အရပ်ဝတ်တွေနဲ့ပါပဲ။ လက်နက်ပစ္စည်းတော့ ပါမလာခဲ့ကြပါဘူး။ အဲ့ဒီ ၇ ယောက်မှာ စစ်သည်တော်အဆင့်ကနေ တပ်ကြပ်ကြီးအဆင့်ထိ ပါလာတယ်။” 

စစ်တပ်က ပြည်သူကို နှိပ်စက်နေတာဟာ အလွန်ကြေကွဲရပြီး အခုလို လုပ်ရပ်မျိုးလုပ်မယ်လို့ မထင်ထားကြောင်း၊ စစ်တပ်ထဲက လူတွေဟာ ထွက်ပြေးနိုင်ဖို့ အခြေအနေတခုကို စောင့်နေကြကြောင်း၊ သူတို့ ရေတပ်ထဲမှာ အောက်ခြေကနေ ဗိုလ်ကြီး အဆင့် ၆၀ ရာခိုင်နှုန်းလောက်အထိ CDM လုပ်ချင်နေကြကြောင်း ထွက်ပြေးလာတဲ့ CDM စစ်သားတွေက ပြောကြားခဲ့ကြတယ်လို့ ဆိုပါတယ်။

CDM လုပ်ဖို့ ချိတ်ဆက်လာသူတွေကို ဇာတိကိုပြန်ချင်သလား၊ လွတ်မြောက်နယ်မြေကို သွားချင်လားဆိုတာ ရွေးချယ်ခွင့်ပေးပြီး အန္တရာယ်ကင်းကင်းနဲ့ ရောက်အောင်ပို့ပေးနေတယ်လို့ ပြောပါတယ်။ 

အခုလို CDM လုပ်ပြီး ခိုလှုံလာတာ ၆ ကြိမ်မြောက်ရှိပြီဖြစ်ပြီး စစ်သားအင်အား ၆၀ ကျော်အထိရှိကာ ရေတပ်နဲ့ကြည်းတပ်က အရာရှိနှစ်ဦးထိ ပါလာတယ်လို့ တနင်္သာရီခရိုင်က CDM တပ်သားတွေ လွတ်မြောက်အောင် ကူညီပေးနေသူက ပြောပါတယ်။

“ပြည်သူတွေဟာ PDF, EAO တွေကို ကူညီကြတယ်။ စစ်တပ်ဘက်က တော်တော်များများ စစ်သည်တွေကလည်း စစ်တပ်ကို စိတ်နာနေတာကိုတွေ့ရတယ်။ သူတို့မှာ ထွက်ပြေးနိုင်ဖို့ အန္တရာယ်များပြီး ရင်းရမှာတွေ ရှိနေတာကြောင့် အခြေအနေတစ်ခုကို စောင့်နေကြတာပါ။ ပြည်သူလူထုနဲ့ NUG ဘက်က သူတို့များများ CDM လုပ်လာနိုင်အောင် လမ်းဖွင့်ပေးရင် social welfare တွေ လုပ်ထားနိုင်ရင် ထွက်လာကြမှာပါ။”

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024