မကွေးတိုင်း၊ မြို့သစ်မြို့နယ်၊ တောင်တွင်းကြီး-မြို့သစ်ကားလမ်းပေါ်မှာတည်ရှိတဲ့ မြို့လုလင်ကျေးရွာက မူလတန်းကျောင်းဆရာ ၁ ဦးဟာ စက်တင်ဘာ ၁၇ နေ့ညမှာ စစ်တပ်က ပစ်သတ်လို့ သေဆုံးသွားတယ်လို့ မိသားစုဝင်နဲ့ ဒေသခံတွေဆီက သိရပါတယ်။
အကြမ်းဖက်စစ်တပ်က သေနတ်နဲ့ပစ်လို့ သေဆုံးသွားသူမှာ မြို့လုလင်ကျေးရွာမှာ နေထိုင်တဲ့ အသက် ၃၃ နှစ်အရွယ် မူလတန်းပြ Non CDM ကျောင်းဆရာ ဦးအောင်သန်းဇော် ဖြစ်တယ်လို့ သိရပါတယ်။
မိသားစုဝင်တဦးက “စက်တင်ဘာ ၁၇ ရက်နေ့ည ၉ နာရီလောက်က ကလေးတစ်ယောက်နဲ့ ရွာထိပ်က ဆီဆိုင်ကို ဆိုင်ကယ်ဆီသွားထည့်တာ။ ရွာမှာရှိတဲ့ စစ်ပြန်ကြီး စားသောက်ဆိုင် အိမ်ဝိုင်းထဲမှာရှိတဲ့ Mytel တာဝါတိုင်ကို စောင့်တဲ့ စစ်သားတွေကတားပြီး သူတို့ နှစ်ယောက်လုံးကို ရိုက်နှက်ပြီးတော့ ဆရာလေးရဲ့ လည်ပင်းကို တေ့ပစ်ခံလိုက်ရတာ။ သူနဲ့အတူပါသွားတဲ့ ကလေးကတော့ နှိပ်စက်တာပဲ ခံရတယ်” လို့ ပြောပါတယ်။
ဦးအောင်သန်းဇော် သေနတ်နဲ့ပစ်ခံရပြီး လည်ပင်းက သွေးတွေပန်းထွက်လာတာကြောင့် သူနဲ့ အတူပါသွားသူ ကိုကုလားက ဦးအောင်သန်းဇော်ကို ဆိုင်ကယ်နဲ့တင်ပြီး ၃ မိုင်ခန့်ဝေးကွာတဲ့ မြို့သစ်ဆေးရုံကို ပို့ဆောင်ခဲ့ပါတယ်။
ဒိနောက် မြို့သစ်ဆေးရုံကနေ နေပြည်တော် ခုတင် ၁၀၀၀ ကို လွှဲပြောင်းစဉ် စက်တင်ဘာ ၁၈ ရက် မနက်ပိုင်းက သေဆုံးသွားတယ်လို့ မိသားစုနဲ့နီးစပ်သူတွေဆီက သိရပါတယ်။
သေဆုံးသူ ဦးအောင်သန်းဇော်ရဲ့ ရုပ်အလောင်းကို မြို့လုလင်ကျေးရွာကို ပြန်သယ်လာပြီး စက်တင်ဘာ ၁၉ ရက်က ကျေးရွာသုသာန်မှာ ဂူသွင်းသင်္ဂြိုဟ်ခဲ့ပါတယ်။
ကျောင်းဆရာ ဦးအောင်သန်းဇော် သေဆုံးမှုနဲ့ပတ်သက်လို့ မြို့သစ်မြို့မရဲစခန်းကို ဆက်သွယ်မေးမြန်းရာမှာ သေမှုသေခင်းနဲ့သာ အမှုဖွင့်လှစ်ထားတယ်လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။