စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ်အတွင်း ကျေးရွာတွေမှာ စစ်ကောင်စီတပ်တွေ တပ်စခန်းချပြီး နေအိမ်တွေကို ဖျက်ဆီးတာနဲ့ ရိုက်နှက်ဖမ်းဆီးတာလုပ်နေတာကြောင့် ထွက်ပြေးနေရတဲ့ ဒေသခံတွေ စိုက်ပျိုးထားတဲ့ မြေပဲ ရိတ်သိမ်းဖို့ အခက်အခဲ ဖြစ်နေကြတယ်လို့ သိရပါတယ်။
ကနီမြို့နယ် ဝင်မနားနယ်မြေခံရဲစခန်းကို ပြီးခဲ့တဲ့ စက်တင်ဘာ ၁၁ ရက်နေ့က နယ်မြေခံပြည်သူ့ကာကွယ်ရေးတပ် PDF က တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီက ချင်းတွင်းမြစ်ကြောင်းရော၊ ရဟတ်ယာဉ်တွေနဲ့ရော စစ်ကောင်စီတပ်က အင်အားအလုံးအရင်း တပ်ချတယ်လို့ ကနီမြို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်ကောင်စီတပ်တွေဟာ ရွာတွေထဲကို သေနတ်တွေ ပစ်ခတ်ဝင်ရောက်ပြီး ကျေးရွာသားတွေကို ရိုက်နှက်ဖမ်းဆီးတာ၊ ပစ္စည်းတွေယူတာ၊ နေအိမ်တွေကို ဖျက်ဆီးတာတွေလုပ်နေတာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရပြီး သီးနှံရိတ်သိမ်းဖို့ အခက်အခဲကြုံနေတာလို့ ဝင်မနားကျေးရွာက တောင်သူတစ်ဦးက ပြောပါတယ်။
“ကျနော်တို့ အခုကာလက မြေပဲစိုက်တောင်သူတွေ မြေပဲရိတ်သိမ်းနေရတဲ့ ရာသီချိန်ဖြစ်တယ်ဗျ။ ကျနော်တို့ ဒီမြေပဲတွေက တစ်ပတ်အတွင်း မရိတ်သိမ်းနိုင်ရင် ဆုံးရှုံးမှုအများကြီး ဖြစ်လာတော့မှာဗျ။ အခုဆိုရင် စစ်သားတွေရှိနေတော့ ထွက်ပြေးနေကြရတာ။ ဒါတွေက ဒီတစ်ပတ်အတွင်းမှာ အပြီးလုပ်ရမယ့် အလုပ်တွေဗျ။ ပျက်စီးဆုံးရှုံးမှု ပမာဏကတော့ဗျာ ကျနော်တို့ အင်းပေါင်းဒေသဆို ရွာပေါင်း ၂၄ ရွာဆိုတော့ စဉ်းစားတာကြည့်တော့ဗျာ။”
ကနီမြို့နယ် အင်းပေါင်းဒေသမှာ ပြီးခဲ့နစ်တွေက မြေပဲစိုက်တောင်သူတစ်ဦးကို မြေပဲတင်းရေ ရာနဲ့ချီ ရရှိခဲ့ကြတာလို့ ဆိုပါတယ်။ လက်ရှိမှာ ကျေးရွာ ၂၄ ရွာက မြေပဲစိုက်ဧက ၁ သောင်းကျော် ရှိတယ်လို့ သိရပါတယ်။
အခုနှစ်မှာ စစ်ကောင်စီတပ်က ကျေးရွာအတွင်း ဝင်ယောက်မွှေနှောက် ဖျက်ဆီးတာတွေ လုပ်နေကြပြီး စက်တင်ဘာ ၁၇ ရက်နေ့ကလည်း ဝင်မနားကျေးရွာအတွင်း စစ်သားတစ်ဦးက ၁၃ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ဖမ်းဆီးခေါ်ဆောင်သွားပြီး နယ်မြေအတွင်းက ဘုန်းတော်ကြီးတစ်ပါးက တောင်းပန်ကာ ပြန်ခေါ်ခဲ့ရတယ်လို့ သိရပါတယ်။