ချင်းမိုင်တွင် အခြေခံလူတန်းစား ၂ ဦး ထိုင်းထီပထမဆုများ အသီးသီးဆွတ်ခူး

စက်တင်ဘာ ၁၆ ရက်က ထွက်သွားတဲ့ ထိုင်းထီပေါက်စဉ် ပထမဆု ပေါက်ဂဏန်းနံပါတ် ၀၇၀၉၃၅ မှာ ထိုင်းမြောက်ပိုင်း ချင်းမိုင်ခရိုင်မှာနေတဲ့ ဆိုင်ရောင်းအကူ အမျိုးသမီး ၁ ဦးနဲ့  ကျောင်းထိုင်ဆရာတော်ရဲ့ ယာဉ်မောင်းသမား ၁ ဦးတို့ ကံထူးစွာ ၅ စောင် ( ဘတ်သန်းပေါင်း ၃၀ ) နဲ့ ၂ စောင် ( ဘတ် ၁၂ သန်း ) စီ ဆွတ်ခူးသွားပါတယ်။ 

ပထမဆု ၅ စောင် ( ဘတ်သန်းပေါင်း ၃၀ ) ပေါက်သူမှာ ချင်းမိုင်ခရိုင်၊ ဆန်ကမ်ဖဲန်းမြို့နယ်၊ ပါဖိုင်ရပ်ကွက်က အမျိုးသမီးတစ်ဦးဖြစ်ပြီး သူဟာ မှန်ရောင်းတဲ့ဆိုင်မှာ ဈေးရောင်းကူနေသူ တစ်ဦးဖြစ်တယ်လို့ဆိုပါတယ်။

သူဟာအဆိုပါထီလက်မှတ်တွေကို ပါဖိုင်ဈေးရှေ့ ထီဆိုင်တစ်ဆိုင်ကနေ ထီပေါက်စဉ် မထွက်ခင် နာရီပိုင်းအလိုမှာမှဝယ်ယူသွားတာလို့ ထီဆိုင်ပိုင်ရှင်က ထိုင်းရတ်သတင်းထောက်ကို ပြောပါတယ်။ 

သတင်းထောက်တွေက သူ့ကို အင်တာဗျူးဖို့ ထီပေါက်သတင်းပို့မယ့် ဆန်ကမ်ဖဲန်းရဲ စခန်းရှေ့မှာ သွားစောင့်ဆိုင်းခဲ့ကြပေမယ့် ဆွေမျိုးတသိုက်နဲ့ အချိန်အတော်ကြာ ပျော်မဆုံးဖြစ်နေ ကြတာကြောင့် မဗျူးဘဲပြန်လာခဲ့ကြရတယ်လို့ ဆိုပါတယ်။ 

Cm.108 သတင်းကဆက်သွယ်မေးမြန်းရာမှာတော့ သူဟာ အဆိုပါ ထီကို ၂ လုံး - ၃ လုံးလောက် ပေါက်ဖို့  မျှော်လင့်ချက်နဲ့ ထိုးခဲ့တာသာဖြစ်ကြောင်း၊ မမျှော်လင့်ဘဲ ပထမဆု ၅ စောင်လုံး ပေါက်တော့ မျက်ရည်ကျအောင်ဝမ်းသာလုံးဆို့ခဲ့ကြောင်း ၊ ထီပေါက်တဲ့ငွေတွေနဲ့ ပထမဆုံး အကြွေးတွေအကုန်ဆပ်ကာ စီးပွါးရေးရင်းနှီးမြှုပ်နှံမယ်လို့ ဖြေကြားသွားပါတယ်။ 

ချင်းမိုင်က နောက်ထပ်ကံထူးသူတစ်ဦးမှာ ဖရောဝ့်မြို့နယ် မဲ့ဝဲန့်ရွာမှာနေထိုင်သူ အသက် ၃၃ နှစ်ရွယ်ရှိ နိုင်းပရကိုင်း ဆောဝ်ခမ်း ဆိုသူဖြစ်ပါတယ်။ သူကတော့ ဝပ်မဲ့ဟယ် ကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော်ရဲ့ ယာဉ်မောင်းသမားဖြစ်ပြီး ထီ ၄ စောင်ဝယ်တဲ့ထဲမှာ ၂ စောင်ပထမဆုပေါက်တာဖြစ်ကြောင်း ၊ ထီပေါက်ငွေတွေ မိခင်ကိုပေးမှာဖြစ်ပြီး ကျန်တာကို အမေအတွက် အိမ်ဆောက်ပေးကာ မိသားတစ်စုလုံး အဲဒီအိမ်မှာ ပျော်ရွှင်စွာနေထိုင်ပြီး ငွေကိုခြိုးခြံသုံးစွဲသွားမယ်လို့ ထိုင်းရတ်သတင်းထောက်ကို ပြောပါတယ်။ 

ကိုးကား -  ထိုင်းရတ်သတင်း

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up