Live
Home
ဆောင်းပါး
မြန်မာစစ်ခေါင်းဆောင်တွေရဲ့ မိသားစုတွေ ငွေရပေါက် ဘယ်လိုဖန်တီးနေသလဲ (အပိုင်း-၁)
DVB
·
September 16, 2021

ဒီနှစ်အစောပိုင်း မြန်မာ့ဒီမိုကရေစီအစိုးရကိုဖြုတ်ချခဲ့တဲ့ စစ်အစိုးရအဖွဲ့ထဲမှာ လေတပ်စစ်ဦးစီးချုပ် မောင်မောင်ကျော်ဟာ အရေးပါတဲ့အဖွဲ့ဝင်တဦးပါပဲ။ သူ့ရဲ့သားနဲ့ တူဖြစ်သူတို့ဆိုရင် တပ်မိသားစုတွေရဲ့ စစ်တပ်အကြောင်းပြု လုပ်စားနေကြပြီး၊ ကျယ်ပြန့်ကြီးမားတဲ့ စီးပွားရေးအကျိုးအမြတ်တွေ ရယူနေတဲ့ လူငယ်မျိုးဆက်သစ်တွေလည်း ဖြစ်ပါတယ်။ ဒီအကြောင်းကို ဝါရင့်ဂျာနယ်လစ်တွေဖြစ်တဲ့ ပေါ့ပီ မက်ဖာဆင်၊ ရေဒီး လီဗင်ဆန်၊ ဂျွန်ဂီဒီး၊ ဆိုင်မွန်လူးဝစ်စ်၊ စတီဖင်ဂရေးနဲ့ မြန်မာသတင်းထောက် ကိုဝလုံးတို့က ရိုက်တာသတင်းမှာ အထူးစုံစမ်းဖော်ထုတ်မှုသတင်းအဖြစ် ရေးသားထားပါတယ်။ 

မြန်မာစစ်တပ်ကအာဏာကိုသိမ်းယူပြီး တပတ်အကြာမှာတော့၊ ဆယ်စုနှစ်တခုနီးပါး တိမ်မြုပ်ငုတ်လျှိုးနေတဲ့ တွစ်တာအကောင့်တခု ပြန်ပြီးပေါ်ထွက်လာခဲ့ပါတယ်။ အကောင့်ပိုင်ရှင်က ဖေဖေါ်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းကတည်းက အာဏာပိုင်တွေရဲ့ဖြိုခွင်းမှုမှာ သေဆုံးသွားကြတဲ့ ရာနဲ့ချီတဲ့သူတွေအပါအဝင်၊ အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်းဖော်ထုတ်နေကြတဲ့သူတွေကို အမြဲလှောင်ပြောင် ရေးသားနေခဲ့တာပါ။

နေပြည်တော်မှာဖေဖေါ်ဝါရီ ၈ ရက်နေ့က ဆန္ဒပြသူတွေကို ရဲတွေက အဓိကရုဏ်း ဖြိုခွင်းရာမှာသုံးတဲ့ ထရပ်ကားတွေပေါ်က အားပြင်းတဲ့ ရေအမြောက်တွေသုံးပြီး ဖြိုခွင်းခဲ့တဲ့အပေါ်၊ သူက “ သူတို့အတွက် သင်္ကြန်အစောကြီးကျနေပါလားဟေ့” ဆိုပြီး လှောင်ပြောင်သရော်ခဲ့ပါတယ်။ ရက်သတ္တပတ်အနည်းငယ်အကြာမှာတော့ အာဏာသိမ်းမှုအတွင်း ဖမ်းဆီးထိမ်းသိမ်းခံရပြီး ဖြုတ်ချခံထားရတဲ့ လူထုခေါင်းဆောင်၊ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ပါတီကို ရိုင်းဆိုင်းစွာဆဲဆိုထားတဲ့     “ -ိုးမ အနီတွေ” ဆိုတဲ့ စာကို သူ့အကောင့်မှာ ရေးသားခဲ့ပါတယ်။ သူဟာ အာဏာသိမ်းမှုမှာ ဦးဆောင်သူတဦး ဖြစ်တဲ့ လေတပ်ဦးစီးချုပ်မောင်မောင်ကျော်ရဲ့သားဖြစ်ပြီး၊ အသက် ၃၃ နှစ်ရှိ ကလောင်နာမည် အိုင်ဗင်ထက်လို့ ဖေါ်ပြထားသူဖြစ်ကြောင်း လေ့လာတွေ့ရှိပါတယ်။

ဒါပေမဲ့ အိုင်ဗင်ထက်ဟာ ၁၉၄၈ ခုနှစ်လွတ်လပ်ရေးရပြီးချိန်ကတည်းက  မြန်မာ့နိုင်ငံရေးမှာ လွှမ်းမိုးခဲ့တဲ့ တပ်မတော်လို့ခေါ်တဲ့ မြန်မာစစ်တပ်ကို ဆိုရှယ်မီဒီယာပေါ်မှာ စိတ်ပါလက်ပါ ထောက်ခံနေသူတယောက်တော့မဟုတ်ခဲ့ပါဘူး။ သူဟာ သူ့မိန်းမနဲ့အတူ မြန်မာစစ်တပ်ကို လက်နက်တပ်ဆင်မှုတွေမှာ ကူညီပြီးငွေရပေါက်ရလမ်းရှာဖို့ ကြိုးစားနေသူတယောက်သာ ဖြစ်ပါတယ်။ သူ့မိန်းမ လင်းလက်သီရိကတော့ မြန်မာစစ်တပ်ကို လက်နက်ထောက်ပံ့ပေးဖို့ ဖွဲ့ထားတဲ့ ကိုယ်ပိုင်ကုမ္ပဏီတခုကို ပူးတွဲတည်ထောင်သူတဦးဖြစ်ကြောင်း ရိုက်တာသတင်းဌာနက သိထားပါတယ်။

ရိုက်တာက သုံးသပ်ခဲ့တဲ့ ကုမ္ပဏီဖိုင်တွဲတွေနဲ့ စစ်တပ်ရဲ့ ဝယ်ယူမှုစာရွက်စာတမ်း အထောက်အထားတွေအပြင်၊ သူတို့မိသားစုရဲ့မိတ်ဆွေတွေ၊ အသိုင်းအဝိုင်းတွေ၊ ကာကွယ်ရေးပစ္စည်းသွင်းတဲ့ ကန်ထရိုက်တာ ငါးဦးကို တွေ့ဆုံမေးမြန်မှုတွေအရ၊ သူတို့လင်မယားဟာ စီးပွားရေးလောကမှာ လုပ်ငန်းတွေကနေ အကျိုးအမြတ်များစွာရနေတဲ့ တပ်မိသားစုလူငယ်မျိုးဆက်တွေထဲက အစိတ်အပိုင်းတခုဖြစ်ကြောင်း တွေ့ရှိပါတယ်။

လေတပ်ဦးစီးချုပ်မောင်မောင်ကျော်ရဲ့ သားနဲ့ချွေးမအပြင် သူ့ရဲ့တူနဲ့ တူမဖြစ်သူတို့ဟာလည်း တပ်နဲ့လုပ်စားပြီး ချမ်းသာကြွယ်ဝနေကြပါတယ်။ တိုင်းပြည်ရဲ့ လေကြောင်းသွားလာရေးကဏ္ဍကို ကုန်ပစ္စည်းတွေပေးသွင်းတဲ့ကုမ္ပဏီတခုကို သူတို့ပိုင်ဆိုင်ထားကြောင်း ကုမ္ပဏီဖိုင်တွဲတွေနဲ့ တွေ့ဆုံမေးမြန်းမှုတွေကပြသနေပါတယ်။ မောင်မောင်ကျော်ရဲ့တူဟာ စစ်တပ်ကို ကုန်ပစ္စည်းတင်သွင်းတဲ့လုပ်ငန်းမှာလည်း ပါဝင်ပတ်သက်နေတယ်လို့ မြန်မာ့လေကြောင်းလိုင်းအရာရှိဟောင်းနဲ့ ကာကွယ်ရေးကန်ထရိုက်တာနှစ်ဦးနဲ့ ၊ သူတို့ရဲ့စီးပွားဖက်တဦးတို့က  ရိုက်တာသတင်းဌာနကို ပြောထားပါတယ်။

အသက် ၅၇ နှစ်ရှိပြီဖြစ်တဲ့ မောင်မောင်ကျော်ဟာ လေတပ် ဦးစီးချုပ်အဖြစ်  ၂၀၁၈ ခုနှစ်မှာ ရာထူးတိုးမြှင့်ခံရပြီး၊ လေတပ်ခေတ်မီစေရေးလုပ်ငန်းစဉ်ကို ကွပ်ကဲခဲ့ပါတယ်။ ဆယ်စုနှစ်တွေချီ လူ့အခွင့်အရေးချိုးဖေါက်မှုတွေနဲ့ စွပ်စွဲခံနေရတဲ့ စစ်တပ်ကို အထောက်အကူရရန် ၊လေယာဉ်တွေကို အဆင့်မြှင့်တင်တဲ့လုပ်ငန်းအတွက် သူဟာ အမေရိကန်ဒေါ်လာ သန်းရာနဲ့ချီသုံးစွဲခဲ့သူပါ။ အဲဒီလူ့အခွင့်အရေးချိုးဖေါက်မှုတွေကတော့၊ ကုလသမဂ္ဂစုံစမ်းလေ့လာသူတွေအဆိုအရ လူနည်းစုရိုဟင်ဂျာမွတ်ဆလင်တွေအပေါ် ၂၀၁၇ ခုနှစ်က လူမျိုးတုံးရည်ရွယ်ချက်နဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေပါဝင်ပါတယ်။ အဲဒါကို မြန်မာစစ်တပ်က ငြင်းဆိုထားပြီး ရဲတပ်ဖွဲ့ကို တိုက်ခိုက်ခဲ့တဲ့လက်နက်ကိုင်တွေကို တရားဝင်တုံ့ပြန်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ပြောဆိုနေကြပါတယ်။

အာဏာသိမ်းပြီး နောက်ဆက်တွဲဆန္ဒပြမှုတွေ ပေါ်ပေါက်လာကတည်းက  လူ၁၀၀၀ ကျော် သတ်ဖြတ်ခံခဲ့ရပြီး၊ လေတပ်ဟာ ဆန့်ကျင်သူတွေကိုနှိမ်နင်းမယ့် တပ်ဖွဲ့တွေကို သယ်ဆောင်တာ၊ မျက်မြင်သက်သေတွေရဲ့အဆိုအရ တိုင်းရင်းသားလက်နက်ကိုင်တွေကို ဗုံးကြဲတဲ့ စစ်ဆင်ရေးတွေမှာ အရပ်သားတွေကိုလည်း သတ်ဖြတ်တာတွေရှိတဲ့အကြောင်း ဒေသခံလူ့အခွင့်အရေးအဖွဲ့ဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအဖွဲ့က ဆိုထားပါတယ်။

ဆိုရှယ်မီဒီယာပေါ်မှာတင်ထားတဲ့ ဓာတ်ပုံတွေအရ လေတပ်ဦးစီးချုပ်မောင်မောင်ကျော်ရဲ့ မိသားစုဝင်တွေဟာ မြန်မာနိုင်ငံသားအများစုလက်လှမ်းမမီနိုင်တဲ့ စည်းစိမ်ချမ်းသာတွေနဲ့ ပျော်မွေ့နေတာ တွေ့နိုင်ပါတယ်။ စင်ကာပူက တန်ဖိုးကြီးတဲ့နေရာတွေမှာလုပ်တဲ့ ပါတီပွဲတွေ၊ ဘန်ကောက်ခရီးစဉ်တွေ၊ လန်ဒန်နဲ့ဂရိနိင်ငံက အပန်းဖြေကျွန်း စန်တိုရီနီက ဓာတ်ပုံတွေကို သူ့မိသားစုက ဆိုရှယ်မီဒီမှာ တင်ထားခဲ့ပါတယ်။

မောင်မောင်ကျော်ရဲ့သားဖြစ်သူ အိုင်ဗင်ထက်ဟာ စီးပွားရေးအခွင့်ထူးတွေ ဘယ်လောက်ရထားတယ်ဆိုတာ ၂၀၁၈ ခုနှစ်က သူ့မင်္ဂလာဆောင်မှာ အဖေဖြစ်သူ လေတပ်ဦးစီးချုပ်၊ အာဏာသိမ်းထိပ်တန်းစစ်ဗိုလ်ချုပ် မင်းအောင်လှိုင်တို့နဲ့ တွဲရိုက်ထားတဲ့ ဓာတ်ပုံက ကောင်းစွာဖော်ပြနေပါတယ်။ သုံးလအကြာမှာတော့ ဗြိတိန်မှာ ဗိသုကာပညာသင်ကြားခဲ့တဲ့ လေတပ်ချုပ်အိုင်ဗင်ရဲ့ အသစ်စက်စက်ဇနီးက ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာလုပ်ငန်းတွေကို ခေတ်မီအောင် လုပ်ဆောင်မယ့်လုပ်ငန်းစဉ်အတွက် အင်ဂျင်နီယာကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး ဝန်ဆောင်မှုလီမိတက်(Alliance Engineering Services Co.,Ltd.)ကို ထူထောင်ခဲ့ကြောင်း ကုမ္ပဏီမှတ်တမ်းတွေနဲ့ ကုမ္ပဏီရဲ့ဝက်ဆိုဒ်က ဖေါ် ပြထားပါတယ်။

လေချုပ်သား အိုင်ဗင်ထက်ဟာ ကုမ္ပဏီကို သူကိုယ်တိုင်ဦးဆောင်နေတာဖြစ်ကြောင်း ရိုက်တာက တွေ့ဆုံမေးမြန်းခဲ့တဲ့ ကာကွယ်ရေးဆိုင်ရာကန်ထရိုက် နှစ်ဦးနဲ့  သူ့ရဲ့စီးပွားဖက်တဦးက ပြောထားပါတယ်။ သူတို့နဲ့ စီးပွားရေးသဘောတူညီမှုတွေအတွက် အိုင်ဗင်ထက်က ဆွေးနွေးခဲ့ပြီး အဲဒါတွေထဲက တချို့ကို သဘောတူညီမှုရထားပြီးပြီ ဖြစ်ကြောင်း အဆိုပါ သတင်းရင်းမြစ်တွေက ဆိုထားပါတယ်။ အဲဒါတွေကတော့ ဒရုန်းယာဉ်တွေအတွက် အပိုပစ္စည်းတွေကအစ ရေကြောင်းထောက်လှမ်းမှု ကိရိယာဆိုနာတွေနဲ့  ရေဒါစက်ပစ္စည်းတွေအထိ အမျိုးမျိုးပါဝင်ပါတယ်။

အင်ဂျင်နီယာကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးဝန်ဆောင်မှုလီမိတက် ၂၀၂၀ ပြည့်နှစ်အတွင်းပေးပို့တဲ့ စာတစောင်မှာ အစ္စရေးနိုင်ငံလုပ် နောက်ယောင်ခံ ထောက်လှမ်းစောင့်ကြည့်တဲ့ ဒရုန်းယာဉ်တွေအတွက် အပိုပစ္စည်းတွေမှာယူဖို့ ဈေးနှုန်းတောင်းခံလွှာကို ရိုက်တာကသုံးသပ်ခဲ့ရပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တဖွဲ့ကရရှိတဲ့ဓာတ်ပုံအရ၊ မြန်မာစစ်တပ်က တိုင်းရင်းသားလက်နက်ကိုင်တွေကို တိုက်ခိုက်ရာမှာ ဒရုန်းယာဉ်တွေကို အသုံးပြုခဲ့ပါတယ်။ အဆိုပါဈေးနှုန်းတောင်းခံလွှာကို လေချုပ်သားအိုင်ဗင်ထက်က ဖြန့်ဝေခဲ့တာ ဖြစ်ကြောင်း အဆိုပါကာကွယ်ရေးဆိုင်ရာ စီးပွားရေးလုပ်ငန်းတွေကို နှံ့နှံ့စပ်စပ်သိရှိတဲ့သူတဦးက ပြောပါတယ်။ ရိုက်တာအနေနဲ့ကတော့ ဘယ်လုပ်ငန်းတွေသဘောတူညီမှုရခဲ့ပြီး ဘယ်လောက်ပမာဏတန်ဖိုး ရှိတယ်ဆိုတာ အတည်ပြုနိုင်ခြင်းမရှိခဲ့ပါဘူး။

လေတပ်ဦးစီးချုပ်မောင်မောင်ကျော်ရဲ့ တူနဲ့တူမတွေဖြစ်တဲ့ အသက် ၃၃ နှစ်ရှိသူ လင်းထက်နဲ့ ၊ အသက် ၃၁ နှစ်ရှိ သူ့ရဲ့ညီမ မွန်ရည်တို့ဟာ စင်ကာပူမှာ အခြေစိုက်ပြီး လေကြောင်းဆိုင်ရာကဏ္ဍအတွက် မြန်မာနဲ့ တခြားဈေးကွက်တွေမှာ အကြံဉာဏ်ပေးတာ၊ အပိုပစ္စည်းပေးပို့တာ၊ ငှားရမ်းတာနဲ့ ပြုပြင်ထိန်းသိမ်းတာ စတဲ့ဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်တဲ့ မိသားစုပိုင် ပုမ္ပဏီတခုကို ပိုင်ဆိုင်ထားတာပါ။ လင်းထက်ဟာ နိုင်ငံပိုင်မြန်မာအမျိုးသားလေကြောင်းလိုင်းရဲ့ ဒါရိုက်တာတယောက်လည်းဖြစ်တဲ့အပြင် ဘဲလ်နဲဆက်စနာလိုအမေရိကန်လေကြောင်းဆိုင်ရာ တံဆိပ်တွေရဲ့ မြန်မာနိုင်ငံကိုယ်စားလှယ်လည်း ဖြစ်ကြောင်း ကုမ္ပဏီဝဘ်ဆိုက်မှာ ဖော်ပြပါတယ်။

ရိုက်တာက တွေ့ဆုံမေးမြန်းခဲ့တဲ့ စစ်ဘက်ကန်ထရိုက်တာတဦးနဲ့ စီးပွားဖက်တဦးရဲ့ အဆိုအရ လင်းထက်ဟာ လေယာဉ်အမျိုးမျိုးနဲ့ အပိုပစ္စည်းတွေကို စစ်တပ်အတွက်ပေးသွင်းခဲ့ ကြောင်းသိရပါတယ်။ စစ်ဘက်ကန်ထရိုက်တာအားလုံးကတော့ စစ်အစိုးရရဲ့ ပြန်လည် လက်စားခြေမှာ ကြောက်တဲ့အတွက် အမည်မဖေါ်ပြဘဲ ပြောကြားခဲ့တာပါ။ ဒါပေမဲ့ မြန်မာ့လေကြောင်းလိုင်းအရာရှိဟောင်းတဦးကတော့ လေချုပ်ရဲ့တူနဲ့ ပတ်သက်ခဲ့ကြောင်း ထုတ်ဖေါ်ပြောကြားခဲ့ပါတယ်။

မြန်မာပြည်ရဲ့ ပုဂ္ဂလိကလေကြောင်းလိုင်းဖြစ်တဲ့ အဲယားမန္တလေးရဲ့ အရာရှိချုပ်ဟောင်း ဂယ်ရီဗီလီရပ်ကတော့ သူနဲ့လေချုပ်ရဲ့တူဖြစ်သူ လင်းထက်တို့ စီးပွားရေးလုပ်ဆောင်မှုရှိခဲ့ကြောင်းနဲ့ အရပ်ဘက်ရော စစ်ဘက်ပါ မြန်မာ့လေကြောင်းလုပ်ငန်းမှာပါဝင်ပတ်သက်ခဲ့တဲ့အကြောင်း လင်းထက်က ဖုံးကွယ်ထားတာမျိုးမရှိခဲ့ဘူး လို့ပြောခဲ့ပါတယ်။ မြန်မာလေတပ်ဟာ လေယာဉ်ဘီးတွေနဲ့ အင်ဂျင်တွေမွမ်းမံတာ၊ လေယာဉ်ဘရိတ်တွေ၊ အစိတ်အပိုင်းတွေလဲလှယ်တာတွေကို လေချုပ်ရဲ့တူဖြစ်သူ လင်းထက်က တဆင့်ရောင်းဝယ်ခဲ့ကြောင်း ဗီလီရပ်က ဆိုပါတယ်။

ရိုက်တာသတင်းဌာနက မြန်မာလေတပ်အကြီးအကဲနဲ့ သူ့မိသားစုဝင်တွေကို စီးပွားရေးဆက်စပ်ပတ်သက်မှုတွေအကြောင်း မေးခွန်းအသေးစိတ်တွေကို ပေးပို့ခဲ့ပါတယ်။ အိုင်ဗင်ထက်နဲ့ သူ့မိန်းမတို့ကတော့ အကြောင်းမပြန်ခဲ့ပါဘူး။ မေးခွန်းတွေပေးပို့ပြီး ၂ရက်အတွင်းမှာ လေချုပ်သားဖြစ်သူ အိုင်ဗင်ထက်ရဲ့တွစ်တာ အကောင့်ပိတ်သွားခဲ့ပါတယ်။ အိုင်ဗင်ထက်ရဲ့ ဖုန်းနံပတ်ကို ရိုက်တာသတင်းဌာနက ဆက်သွယ်ပြီးခေါ်ဆိုရတဲ့အကြောင်းအရင်းကို ရှင်းပြနေစဉ်မှာပဲ တဖက်သူက ဖုန်းချသွားခဲ့ပါတယ်။ စစ်တပ်ကိုပေးပို့တဲ့ မေးခွန်းတွေနဲ့ ပတ်သက်ပြီးတော့လည်း လေတပ်ဦးစီးချုပ် မောင်မောင်ကျော်က ပြန်လည် ဖြေကြားခြင်းမရှိခဲ့ပါဘူး။

မောင်မောင်ကျော်ရဲ့ တူနဲ့တူမပိုင်တဲ့ မိသားစုစီးပွားရေးလုပ်ငန်း အယ်လ်တီအာ(LTR)ကတော့ လက်နက်ရောင်းဝယ်ရေးတွေ၊ လေယာဉ်အပိုပစ္စည်းတွေအပြင် ဘယ်လိုကုန်ပစ္စည်းမျိုးကိုမှ စစ်တပ်အတွက်ပေးပို့တာမျိုး ဘယ်တုန်းကမှမရှိခဲ့ကြောင်း အီးမေးလ်နဲ့ အကြောင်းပြန်ကြားခဲ့ပါတယ်။ လေချုပ်မောင်မောင်ကျော်ရဲ့တူဖြစ်သူလင်းထက်က အကြောင်းပြန်ခြင်းမရှိခဲ့ပါဘူး။ သူ့ရဲ့ညီမဖြစ်သူမွန်ရည်ကို ဖုန်းဆက်မေးမြန်းရာမှာတော့ သူ့အနေနဲ့မြန်မာပြည်နဲ့လုပ်တဲ့စီးပွားရေးတွေမှာ အများအားဖြင့်ပါဝင်ပတ်သက်ခြင်းမရှိကြောင်းနဲ့ သူ့မိသားစုက အထူးအခွင့်အရေးတွေရနေတယ်လို့ မယုံကြည်ကြောင်းဖြေကြားခဲ့ပါတယ်။

ဘဲလ်၊ ဘိချ်ခရပ်နဲ့ဆက်စနာ လေကြောင်းဆိုင်ရာ အမှတ်တံဆိပ်တွေကို ပိုင်တဲ့နယူးယောက်စတော့အိတ်ချိန်းမှာ စာရင်းပေါက်တဲ့ တက်စထရွန်ကုမ္ပဏီ( Textron Inc.) ရဲ့ ပြောရေးဆိုခွင့်ရှိသူ မိုက်ကယ်မေးနာဒ်က လင်းထက်နဲ့ သူ့မိသားစုရဲ့ ကုမ္ပဏီနဲ့ ပတ်သက်ဆက်နွှယ်မှုအကြောင်း အတိအကျမေးခွန်းတွေကို ပြန်မဖြေခဲ့ပါဘူး။ မေးနာဒ်က သူ့ ကုမ္ပဏီဟာကြားခံလူတွေနဲ့ ဆွေးနွေးမှာမဟုတ်ဘူးလို့သာ ပြန်ကြားခဲ့ပါတယ်။

(အပိုင်း (၂ ) ဆက်လက်ဖော်ပြသွားပါမည်။)

 REF- ရိုက်တာစုံစမ်းဖေါ်ထုတ်မှုများ

ဘာသာပြန်ဆိုသူ = အေးမင်း(တာမွေ) 

(REUTERS သတင်းဌာနမှာ ဖော်ပြထားတဲ့ " How family of a Myanmar junta leader are trying to cash in" စုံစမ်းဖော်ထုတ် သတင်းဆောင်းပါးကို ဘာသာပြန်ဖော်ပြခြင်းဖြစ်သည်။)

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024