Home
မြန်မာသတင်း
ကျိုက်ထိုတွင် မလေးရှားပို့မည့် ကျပ်သန်းပေါင်း ၄ သောင်းကျော်တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိ
DVB
·
September 16, 2021

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ မလေးရှားပို့မဲ့ ငွေကျပ် သန်းပေါင်း ၄ သောင်းကျော် တန်ဖိုးရှိတဲ့ မူးယစ်ဆေးတွေ ဖမ်းမိခဲ့တယ်လို့ မြန်မာနိုင်ငံ မူးယစ်ဆေးထိန်းချုပ်ရေး ဗဟိုကော်မတီ (CCDAC MYANMAR)က စက်တင်ဘာ ၁၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်တွေပါတဲ့ ပူးပေါင်းအဖွဲ့ဟာ စက်တင်ဘာ ၁၀ ရက် မနက်ပိုင်းက  ကျိုက်ထိုမြို့နယ်၊ ရန်ကုန်-မော်လမြိုင်သွားကားလမ်းပေါ်က မရမ်းချောင် ပူးပေါင်း စစ်ဆေးရေးစခန်းမှာ စစ်တောင်းတံတားဘက်နေ ကျိုက်ထိုဘက် မောင်းလာတဲ့ ကား ၂ စီးကို စစ်ဆေးခဲ့ပါတယ်။

မြင့်ကို မောင်းနှင်ပြီး ဒေါ်မီမီအေး(ခ)မီမီအေးကျော်လိုက်ပါလာတဲ့ Alphard ကားပေါ်က နေ ငွေကျပ် ၅၁၇ ဒသမ ၂၈ သိန်းကို သိမ်းဆည်းရမိတယ်လို့လည်း ဆိုပါတယ်။

ဒီကားနောက်မှာ စိုးသူရမောင်းနှင်ပြီး မင်းထင်နဲ့ စောမြင့်တို့လိုက်ပါလာတဲ့ Tipper အဖြူရောင် ၆ ဘီးယာဉ်ကို စစ်ဆေးရာမှာတော့ ကားနောက်ခန်းမှာ စားသောက်သီးနှံတွေနဲ့ ဖုံးအုပ် သယ်ဆောင်လာတဲ့ ဆာလာအိတ် ၅၂ အိတ်ထဲကနေ ဒေသကာလတန်ဖိုးငွေကျပ် ၄၁ ဒသမ ၁၇၅ ဘီလီယံ (ကျပ်သန်းပေါင်း ၄၁၁၇၅ ကျော်) တန်ဖိုးရှိတဲ့ အိုက်စ်(မက်သာအဖက်တမင်း) ကီလို ၁,၀၀၀၊ ကက်တမင်း ၄၇ ကီလိုကို ဖမ်းဆီးရမိခဲ့ပါတယ်။

စစ်ဆေးဖော်ထုတ်ချက်အရ မူးယစ်ဆေးဝါးတွေ သယ်ဆောင်ရာမှာ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့တဲ့ ကျော်ဇောဝင်း(ခ)သားသားကို စက်တင်ဘာ ၁၁ ရက်နေ့ မွန်းလွဲပိုင်းက ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ မြန်မာပလာဇာမှာ ထပ်ဖမ်းမိပြီး သူတို့ကို ဥပဒေအရ အရေးယူထားတယ်လို့ ဆိုပါတယ်။

စစ်ဆေးချက်တွေအရ ဖမ်းမိတဲ့ မူးယစ်ဆေးဝါးတွေကို ရှမ်းပြည်နယ်၊ ကျေးသီးမြို့နယ်က နေ တနင်္သာရီတိုင်း၊ ထားဝယ်မြို့ကို သယ်ဆောင်ပြီး ပင်လယ်ရေကြောင်းကတဆင့် မလေးရှားရေပိုင်နက်ကို သယ်ဆောင်မယ်လို့ သိရပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူတွေကို ဆက်လက်စစ်ဆေး ဖော်ထုတ်နေတယ်လို့လည်း CCDAC MYANMAR က ထုတ်ပြန်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024