မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ စံပြကျေးရွာကို စက်တင်ဘာ ၁၅ ရက် ဒီနေ့ မနက်ပိုင်းက အကြမ်းဖက်စစ်အုပ်စုတွေ ဝင်ရောက်မီးရှို့ပြီး ပစ်ခတ်တာကြောင့် လူငယ်တစ်ယောက်ကျဆုံးခဲ့ ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
အကြမ်းဖက်စစ်အုပ်စု အင်အား ၅၀ လောက်ဟာ စံပြရွာ စာသင်ကျောင်းမှာနေရာယူတပ်စွဲထားပြီးတော့ ဖြတ်သွားတဲ့ပြည်သူတွေကို သေနတ်တွေနဲ့ ပစ်ခတ်တာကြောင့် ကြောက်လန့်ပြီးတော့ ရေထဲကိုခုန်ချပြေးတဲ့ လူငယ် ၃ ယောက်အနက် တစ်ယောက် ကျည်ဆန်ထိမှန် သေဆုံးခဲ့တာလို့ ဒေသခံရွာသား တစ်ယောက်က ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်တွေဟာ ရွာထဲက နေအိမ်တစ်လုံး၊ ပရဟိတကားတစ်စီးနဲ့ ဆိုင်ကယ်အဆီး ၁၀၀ လောက်ကို မီးရှို့ဖျက်ဆီးခဲ့သလို နေအိမ်တွေကိုမွှေနှောက်ပြီး ပစ္စည်းတွေနဲ့ ငွေကြေးတွေကို ယူဆောင်သွားကြတယ်လို့ ဆိုပါတယ်။
ထွက်မပြေးနိုင်တဲ့ သက်ကြီးရွယ်အိုတွေကိုလည်း ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ်အသုံးပြုကာ ပစ္စည်းတွေကို သယ်ခိုင်းခဲ့ပြီး စံပြရွာအနီးနားဝန်းကျင်ရှိ ဌေးအောင်ကျေးရွာကို ရောက်မှ ပြန်လွှတ်ပေးတယ်လို့ သိရပါတယ်။
ရွာထဲကိုဝင်တဲ့အချိန်မှာလည်း RPG နဲ့ပစ်ခတ်ပြီး သေနတ်တွေဆက်တိုက်ပစ်ဖောက်ပြီး ဝင်မွှေနေတယ်လို့ ဌေးအောင်ရွာသားတွေက ပြောပါတယ်။
စံပြကျေးရွာမှာ အိမ်ခြေ ၆၀၀ လောက်ရှိပြီးတော့ အနီးပတ်ဝန်ကျင်က ဌေးအောင်ကျေးရွာနဲ ပန်းတော်ပြင် ကျေးရွာက ပြည်သူ ထောင်နဲ့ချီ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။