Live
Home
မြန်မာသတင်း
AYA ဘဏ်ကား ဓားပြတိုက်ခံရပြီးနောက် ပဲခူးမြို့ခံလူငယ်များကို စစ်တပ်က လိုက်လံဖမ်းဆီးနေ
DVB
·
September 14, 2021

ပဲခူးမြို့နဲ့ ရန်ကုန်မြို့အကြားရှိ အင်းတကော်မြို့နားမှာ  စက်တင်ဘာ ၁၃ရက် ညနေပိုင်းက ငွေပို့တဲ့  AYA ဘဏ်ကား ဓားပြတိုက်ခံရပြီး  ငွေကျပ်သိန်း ၄ သောင်းလောက်ပါသွားတယ်လို့ သတင်းထွက်ပြီးနောက်ပိုင်း စစ်ကောင်စီတပ်တွေက ပဲခူးမြို့က လူငယ်တွေကို ဆက်တိုက်ဖမ်းဆီးနေပါတယ်။

မနေ့ ညပိုင်းက စတင်ကာ အိုးလေးစု၊ မဟာစေတီစတဲ့ ရပ်ကွက်တွေထဲ စစ်ကောင်စီက ပတ်မွှေနေပြီး စက်တင်ဘာ ၁၄ ရက် ည ၆ နာရီလောက်အထိ လူငယ် ၂၀ လောက်ကို  စစ်ကောင်စီက ဖမ်းသွားတယ်လို့ ပဲခူးမြို့ခံတစ်ဦးက ပြောပါတယ်။

“အခုချိန်အထိ (ညနေ ၆ နာရီခန့်) တောင် အိုးလေးစုထဲမွှေနေတုန်း။ မနေ့က အဖမ်းခံလိုက်ရသူတွေ စစ်လိုက်။ လိုက်ထပ်ဖမ်းလိုက် လုပ်နေတာ။ မဟာစေတီ ဘုရားဆိုင်ခန်းက လူငယ်တချို့ ပါသွားတယ်။ စုငှားနေကြတာ။ PDF  မဟုတ်လည်း  PDF  ပဲထိုးချမှာပဲ။ အခုက အဆောင်တွေ အဓိက လိုက်မွှေနေတာ” 

မနေ့ကဘဏ်ကား ဓားပြတိုက်ခံရတဲ့ ဖြစ်ရပ်မှာ သီလရှင် ၂ ပါးအပါအဝင် ၇ ဦးကို ဖမ်းဆီးရမိပြီး ဓားပြတိုက်ဖို့ကို ပဲခူး PDF ခေါင်းဆောင် စီစဉ်တာလို့ စစ်ကောင်စီပြန်ကြားရေးက ဒီကနေ့ စွပ်စွဲ ထုတ်ပြန်ထားပါတယ်။

ပဲခူးမြို့မှာ PDF ဆိုပြီး ဖမ်းဆီးခံထားရတဲ့ လူငယ်တစ်ချို့ကိုလည်း ဘဏ်ကားဓားပြတိုက်ခံရတဲ့ ကိစ္စနဲ့ ရောချပြီး ပုံဖျက်လုပ်ဆောင်နေတယ်လို့ နောက်ထပ်မြို့ခံတစ်ဦးက ပြောပါတယ်။

"ရပ်ကွက်ထဲမှာ ဒလန်တွေမွေးထားပြီးတော့ ပျောက်နေတာကြာပြီး ပြန်ဝင်လာတဲ့သူတွေကို စောင့်ကြည့်သတင်းပို့လုပ်ခိုင်းထားတယ်။ ပြီးရင်ဝင်ဖမ်းတယ်" လို့သူကပြောပါတယ်။

ပဲခူးမြို့အနောက်ဘက်ခြမ်း ရပ်ကွက်တွေဖြစ်တဲ့ မဟာမြိုင်၊ မဟာစေတီဖက်၊ ဇိုင်းဂနိုင်းမြောက်ပိုင်း၊ အိုးလေးစု ရပ်ကွင်တွေဘက်ကို စစ်တပ်က အဓိကမွှေနေတာဖြစ်ပြီး မြို့အရှေ့ဘက်ခြမ်းက ဆံတောင်တွင်းနဲ့ ကျောက်ကြီးစုရပ်ကွက်တွေလည်း ပါတယ်လို့ သိရပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024