မန္တလေးတိုင်း၊ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းအတွင်း မြို့နယ်အချို့မှာ စက်တင်ဘာ ၁၄ ရက် ဒီနေ့ မနက်ပိုင်းကစပြီး မိုဘိုင်းအင်တာနက်လိုင်းတွေ ပြတ်တောက်နေတယ်လို့ သိရပါတယ်။
မန္တလေးတိုင်း မိုးကုတ်မြို့မှာ ဒီနေ့ မနက် ၁၁ နာရီခွဲဝန်းကျင်ကစ မိုဘိုင်းအင်တာနက်တွေ ပြတ်တောက်နေပြီး Wifi သာ အသုံးပြုလို့ရနေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“မိုးကုတ်မှာ အင်တာနက်တွေမရတော့ဘူး၊ Mytel လည်း မရတော့ဘူး၊ လိုင်းဖွင့်ပြီး စောင့်သေးတယ် လိုင်းမတက်လာတာ။ 3G ပဲ ပေါ်နေတယ်၊ တမြို့လုံးပဲ။”
နိုင်ငံတဝန်းမှာ စစ်အုပ်စုပိုင် Mytel တာဝါတိုင် ၈၀ နီးပါး ဖျက်ဆီးခံထားရသလို မိုးကုတ်မြို့မှာလည်း Mytel တာဝါတိုင် ၄ ခု ဖောက်ခွဲဖျက်ဆီးခံထားရတယ်လို့ ဒေသခံက ဆိုပါတယ်။
“Mytel တာဝါတိုင်တွေ ဖောက်ခွဲဖျက်ဆီးခံရတာ ၄ ကြိမ်ရှိပြီ။ အနောက်ပိုင်း ၂ ကြိမ်၊ အရှေ့ပိုင်း ၂ ကြိမ်၊ နေအိမ်တွေနဲ့ နီးတဲ့ တာဝါတိုင်ကိုကျ ရိုးရိုးဖျက်ဆီးတာရှိတယ်၊ ဝေးတာကျ ဖောက်ခွဲဖျက်ဆီးခံရတယ်” လို့ ပြောပါတယ်။
မကွေးတိုင်း၊ တောင်တွင်းကြီးမြို့မှာလည်း အကြမ်းဖက်စစ်ကောင်စီက ဒီနေ့ မနက်ပိုင်းကစပြီး အင်တာနက်ဖြတ်တောက်လိုက်တယ်လို့ အင်တာနက်ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်တဲ့ ဒေသခံတဦးက ပြောပါတယ်။
“ဝိုင်ဖိုင်စက်တွေကတော့ မနက်ပိုင်းလောက်ကတည်းက ဖြတ်ခံရတယ်။ ဖုန်းလိုင်းအင်တာနက်တွေတော့ နေ့လယ်ပိုင်းမှ ဖြတ်လိုက်တာ” လို့ ပြောပါတယ်။
အကြမ်းဖက်စစ်ကောင်စီက ပြည်သူကို ကြိုတင်အသိပေးခြင်းမရှိဘဲ အင်တာနက် ဖြတ်တောက်လိုက်တဲ့အတွက် ဒေသခံပြည်သူတွေမှာ စိုးရိမ်နေကြတယ်လို့ ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ထန်ထွဋ်က ပြောပါတယ်။
“အစပိုင်းကတည်းက တွက်ထားပြီးသားပါ။ ပြည်သူ့အကျိုးအတွက် နည်းနည်းမှမကြည့်တဲ့ စစ်ကောင်စီက အဆုံးအထိ ယုတ်မာမှာဘဲ။ ဒီအတွက်တော့ တို့တပ်မတော်အတွက်က ကြိုတင်ပြင်ဆင်ပြီးသားဖြစ်လို့ ပိုမိုလုံခြုံစိတ်ချရတဲ့ ဆက်သွယ်ရေးကွန်ရက်တွေနဲ့ စီမံဆောင်ရွက်ထားတဲ့ ပြဿနာမရှိပါဘူး” လို့ ပြောပါတယ်။
မန္တလေးတိုင်း မြင်းခြံမြို့မှာလည်း ဒီနေ့ မွန်းလွဲပိုင်းကတည်းက အင်တာနက်လိုင်းတွေ ပြတ်တောက်နေတယ်လို့ မြို့ခံတစ်ဦးက အတည်ပြုပြောပါတယ်။
စစ်ကိုင်းတိုင်း ကနီ၊ ပုလဲမြို့နယ်နဲ့ ယင်းမာပင်မြို့နယ်အနောက်ခြမ်းတို့မှာ အင်တာနက်လိုင်းတွေ ဒီနေ့မွန်းလွဲပိုင်းက စတင်ပြတ်နေပြီး ယင်းမာပင်အရှေ့ခြမ်းမှာတော့ ဒီနေ့ ညနေပိုင်းအထိ ရနေဆဲပဲလို့ ဒေသခံတဦးက ပြောပါတယ်။ ကနီမြို့နယ်မှာတော့ အင်တာနက်အပြင် ဖုန်းလိုင်းတွေပါ ပြတ်တောက်နေတယ်လို့ ဆိုပါတယ်။
စစ်ကိုင်းတိုင်းအတွင်းရှိ ကနီ၊ အရာတော်၊ ပုလဲ၊ ဘုတလင်၊ ယင်းမာပင် မန္တလေးတိုင်းအတွင်းရှိ မြင်းခြံ၊ မိုးကုတ်နဲ့ မကွေးတိုင်းအတွင်းရှိ တောင်တွင်းကြီး စတဲ့ မြို့နယ်တွေကို 3G ၊ 4G နဲ့ WTTH (broadband) တွေ ဒီနေ့ကစပြီး လိုင်းပိတ်ထားဖို့ ဆက်သွယ်ရေးအော်ပရေတာတွေကို နစက ညွှန်ကြားထားတယ်လို့ သွယ်ရေးဝန်ထမ်းတဦးဆီက သိရပါတယ်။