ပဲခူးမြို့ ဧရာဝတီဘဏ်ခွဲကနေ ရန်ကုန်ကိုပို့ဆောင်မယ့် ငွေကျပ်ငွေသိန်း ၄ သောင်းလောက် လမ်းမှာဓားပြတိုက်ခံမှုနဲ့ ပတ်သက်ပြီး သီလရှင် ၂ ပါးအပါအဝင် ၇ ဦးကို ဖမ်းဆီးရမိတဲ့ အကြောင်းနဲ့ ပဲခူး PDF အဖွဲ့က လုပ်ဆောင်ခဲ့တာလို့ စစ်ကောင်စီပြန်ကြားရေးက စက်တင်ဘာ ၁၄ ရက် ဒီကနေ့ စွပ်စွဲထုတ်ပြန်လိုက်ပါတယ်။
စက်တင်ဘာလ ၁၃ ရက်က ရန်ကုန်မြို့၊ ဧရာဝတီဘဏ်ရုံးချုပ်မှ ဦးမင်းမင်းဦး၊ ကြီးကြပ်ရေးမှူး ဦးစီးပြီး Toyota Hiace ကားနှစ်စီးနဲ့ ပဲခူးမြို့၊ ဧရာဝတီဘဏ်ခွဲ(၁)ကနေ ငွေကျပ် ၄ ဘီလီယံကို ယာဉ် ၂ စီးပေါ်သို့ ခွဲဝေတင်ဆောင်ခဲ့ပြီး ပဲခူးမြို့မှ ရန်ကုန်မြို့သို့ နေ့လယ် ၁၂ နာရီ မိနစ် ၄၀ လောက်က ပြန်လည် ထွက်ခွာခဲ့ရာ ပဲခူးမြို့နယ်၊ ဘူးလယ်အင်းကျေးရွာအုပ်စု၊ ရန်ကုန်-မန္တလေး ကားလမ်းဟောင်း မိုင်တိုင်အမှတ် (၂၅/၅)၊ နေရာအရောက်ဓားပြတိုက်ခံရတာလို့ ဆိုပါတယ်။
ဓားပြတိုက်သူတွေဟာ ယာဉ်ထိန်းရဲဝတ်စုံ ဝတ်ဆင်ထားသူ ၁ ဦး၊ ရဲတပ်ဖွဲ့ ဝတ်စုံ ဝတ်ဆင်ပြီး လက်နက်ငယ် ၂ လက် ကိုင်ဆောင်ထားသူ ၂ ဦးနဲ့ အရပ်ဝတ် ဝတ်ဆင်ထားသူ ၄ ဦး၊ ပေါင်း ၇ ဦးတို့ဟာ ဘဏ်ကား ၂ စီးကို တားဆီးကာ ဘဏ်ဝန်ထမ်း ၅ ဦးရဲ့ ပါးစပ်၊ မျက်စိ၊ လက်တို့ကို တိပ်နဲ့ ချည်နှောင်ပြီး ယာဉ်ပေါ်ပါ ငွေတွေနဲ့ ဝန်ထမ်းတွေရဲ့ ဖုန်း ၃ လုံးကို ယူဆောင်ကာ Hijet ကားနဲ့ မောင်းနှင်ထွက်ပြေးသွားခဲ့တယ်လို့ဆိုပါတယ်။
အဆိုပါဖြစ်စဉ်ကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အပူတပြင်း စုံစမ်းစစ်ဆေး သဲလွန်စရှာဖွေ ဖော်ထုတ်ခဲ့ရာမှာ ဘဏ်ငွေဓားပြတိုက်ရာမှာ အသုံးပြုခဲ့တဲ့ ယူနီဖောင်းတွေ ပေးအပ်ခဲ့သူ ဆက်စပ်တရားခံ မြင့်မြင့်နိုင်ကို ည ၇ နာရီမှာ ပဲခူးမြို့၊ မဇင်းရပ်ကွက်၊ မဟာစေတီ တိုက်တန်းမှာ ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီပြန်ကြားရေးက ဆိုပါတယ်။
မြင့်မြင့်နိုင်ရဲ့ ထွက်ဆိုချက်အရ ည ၁၀ နာရီမှာ မဟာစေတီ တိုက်တန်း၊ ၁၀/(က-၃)၊ ဥမ္မာရဲ့ နေအိမ်မှာ မသင်္ကာဖွယ် အမျိုးသားတွေ ရောက်ရှိနေကြောင်း ဖော်ထုတ်ရရှိလို့ ပိတ်ဆို့ရှာဖွေဖမ်းဆီးခဲ့ရာ ဥမ္မာနဲ့အတူ ရန်လင်းထွေး၊ အောင်ပြည့်ခန့်နဲ့ ဘုန်းခန့်ကို တို့အား M79 ဗုံးပစ်လောင်ချာ ၁ လက်၊ ငွေကျပ်သိန်း ၇၀၀ ခန့်နဲ့ အတူ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်တရားခံ စည်သူဖြိုးကတော့ တိမ်းရှောင်နေတယ်လို့ ဆိုပါတယ်။
ဖမ်းမိသူတွေရဲ့ ထွက်ဆိုချက်အရ ဓားပြတိုက်ဖြစ်စဉ်ပါ လက်နက်/ ခဲယမ်းနဲ့ ငွေကြေးတွေကို ဥဿာမြို့သစ်၊ ရပ်ကွက်ကြီး ၈ ရှိ “ဓမ္မဒူတ သီလရှင်ကျောင်းတိုက်မှာ အပ်နှံထားကြောင်း သိရှိရလို့ ဆက်လက်ရှာဖွေခဲ့ရာ ကျောင်းတိုက်မှာ ဒေါ်ဥပ္ပသမာနဲ့ ဒေါ်ဓမ္မစာရီတို့ ၂ ဦးကို တွေ့ရှိရပြီး အပ်နှံထားတဲ့ AK-47 သေနတ် ၂ လက်၊ ကျည်အိမ် ၄ ခု၊ ၎င်းကျည် ၂၂၀ တောင့်၊ MK-12 သေနတ် ၆ လက်၊ ၎င်းကျည်အိမ် တို/ရှည် ၁၂ ခု၊ ဆက်စပ်ပစ္စည်း ၆ စုံ၊ ငွေစက္ကူ ထည့်ထားတဲ့ ဆာလာအိတ် ၁၄ ထုပ်၊ ဆာလာအိတ် အပိုင်း ၂ ပိုင်း၊ ပလတ်စတစ် အနက်ရောင် အထုပ်သေး ၉ ထုပ်တို့အား ဆွမ်းစားဆောင်ကနေ သိမ်းဆည်းရမိခဲ့တယ်လို့ဆိုပါတယ်။
ဒါ့အပြင် ဆက်စပ်တရားခံ ကုလားကြီးဆိုသူကိုလည်း သွားရောက်ဖမ်းဆီးခဲ့ရာ တိမ်းရှောင်နေတဲ့ အတွက် လူကို ဖမ်းမမိဘဲ ကီးပက်ဖုန်း ၁၀ လုံး၊ လက်လုပ်မိုင်း ဆက်စပ်ပစ္စည်းတွေနဲ့ ကျပ် ၁၀၀၀၀ တန် ငွေစက္ကူ (၁၇) အုပ်အား သိမ်းဆည်း ရမိခဲ့တယ်လို့ သိရပါတယ်။
ဒီဖြစ်စဉ်မှာ ကျား ၃ ဦး၊ မ ၄ ဦး၊ စုစုပေါင်း ၇ ဦး၊ M-79 ဗုံးပစ် လောင်ချာ (၁)လက်၊ AK-47 သေနတ် ၂ လက်၊ ကျည်အိမ် ၄ ခု၊ ကျည် ၂၂၀ တောင့်၊ MK-12 သေနတ် ၆ လက်၊ ကျည်အိမ်မျိုးစုံ ၁၂ ခု၊ တခြားဆက်စပ်ပစ္စည်းတွေ ဖမ်းမိတယ်လို့ဆိုပါတယ်။
ဓားပြတိုက်တဲ့ ဖြစ်စဉ်ကို ပဲခူး PDF မြို့နယ်တာဝန်ခံ မျိုးကိုမှ စီစဉ်ဆောင်ရွက်ခဲ့တာဖြစ်ကြောင်း ဖမ်းဆီးရမိသူတွေဟာလည်း PDF အဖွဲ့ဝင်တွေဖြစ်ကာ အောင်ပြည့်ခန့်ကတော့ ဧရာဝတီဘဏ်၊ ပဲခူးဘဏ်ခွဲမှ CDM လုပ်ထားတဲ့ ရုံးအကူဝန်ထမ်းဖြစ်တယ်လို့ စစ်ကောင်စီက စွပ်စွဲထားပါတယ်။
ဓားပြတိုက်ခံရတဲ့ ငွေကျပ် သိန်း ၄ သောင်း ဘယ်ရောက်သွားလဲဆိုတာကိုတော့ စစ်ကောင်စီ သတင်းမှာဖော်ပြခြင်းမရှိပါဘူး။
လူမှုကွန်ရက်တွေမှာတော့ အဆိုပါ ဘဏ်ဓားပြတိုက်မှုသတင်းထွက်လာပြီးနောက် ငွေတွေသယ်ဆောင်သွားတဲ့ ဘဏ်အတွင်းလူနဲ့ စစ်ကောင်စီလက်နက်ကိုင် တပ်တွေပူးပေါင်းကြံစည်တာဖြစ်နိုင်တယ်လို့ ခန့်မှန်းရေးသားနေကြပါတယ်။
စစ်ကောင်စီရဲ့ စွပ်စွဲချက်တွေကို ပဲခူး PDF ဘက်က ဘယ်လိုတုံ့ပြန်မယ်မသိရသေးသလို စစ်ကောင်စီပြန်ကြားရေး ထုတ်ပြန်ချက်ပါ အချက်အလက်တွေနဲ့ ပတ်သက်ပြီး ဒီဗွီဘီက သီးခြားအတည်ပြုနိုင်ခြင်း တော့ မရှိသေးပါဘူး။ Photo- MOI/DSINFO