စစ်ပွဲတွေဖြစ်ပွားနေတဲ့ ကယားပြည်နယ်မှာ ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှုနှုန်းလည်း မြင့်တက်နေပြီး သေဆုံးသူ ၁၀၀ ကျော်ရှိလာနေပြီ ဖြစ်ပါတယ်။
ဇွန်လ ၂၉ ရက်နေ့ကနေ စက်တင်ဘာ ၁၃ ရက်နေ့အထိ ကယားပြည်နယ်မှာ ကိုဗစ်-၁၉ ပိုးတွေ့ရှိသူပေါင်း ၂၆၁၂ ဦးရှိနေပြီဖြစ်ပြီး သေဆုံးသူပေါင်း ၁၀၅ ဦးအထိ မြင့်တက်လာပါတယ်။
စက်တင်ဘာ ၁၃ ရက်နေ့က လူပေါင်း ၁၄၃ ဦးကို စစ်ဆေးရာမှာ ၄၆ ဦး ရောဂါပိုးတွေ့ရှိခဲ့ပြီး လွိုင်ကော်ဆေးရုံမှာ ၃ ဦး သေဆုံးခဲ့ပါတယ်။
ရောဂါပိုးတွေ့ရှိသူ ၂၆၂၁ ဦးထဲက ၁၆၅၇ ဦးဟာ လွိုင်ကော်မြို့နယ်ကဖြစ်ပြီး ဖားဆောင်းမြို့နယ်မှာတော့ ၇၈၃ ဦးနဲ့ ပထမနဲ့ ဒုတိယအများဆုံးမြို့နယ်တွေ ဖြစ်ပြီး သေဆုံးမှုမှာလည်း လွိုင်ကော်မြို့နယ်မှာ ၉၆ ဦးနဲ့ ဖားဆောင်းမြို့နယ်မှာ ၈ ဦးတို့ ဖြစ်ပါတယ်။
ကယားပြည်နယ် မြို့နယ် ၇ ခုထဲက ရောဂါပိုးတွေ့ရှိမှု မရှိခဲ့တဲ့ မယ့်စဲမြို့နယ်မှာ စက်တင်ဘာ ၁၃ ရက်နေ့က လူ ၁၂ ဦးကို ရောဂါပိုးစစ်ဆေးခဲ့ရာမှာ ၁၂ ဦးလုံး ရောဂါပိုးတွေ့ရှိခဲ့ကြောင်းလည်း ပြည်နယ်ကျန်းမာရေးဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။
မြို့တွင်းမှာ ရောဂါပိုးမြင့်တက်နေသလိုပဲ စစ်ကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ လွိုင်ကော်မြို့အရှေ့ဘက်ခြမ်းနဲ့ ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းရှိ စစ်ရှောင်စခန်းတွေမှာလည်း ရောဂါပိုးတွေ့ရှိတဲ့အတွက် ကိုဗစ်ရောဂါပိုး ထပ်ပြီးပြန့်ပွားလာမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။