ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်မှာ စက်တင်ဘာ ၁၂ ရက် ပေါက်ကွဲမှု ၃ ကြိမ်ဖြစ်ခဲ့ပြီး ပထမအကြိမ် သတိပေးဖောက်ခွဲတာလို့ ရွှေပြည်သာမြို့နယ် မြေအောက်တော်လှန်ရေးအဖွဲ့က ပြောပါတယ်။
မနေ့ ညနေ ၆ နာရီလောက်က ၇ ရပ်ကွက်ထဲမှာ ၂ ကြိမ်ပေါက်ကွဲပြီး ည ၇ နာရီလောက်မှာတော့ ကားမှတ်တိုင်တခုနားမှာ ပေါက်ကွဲခဲ့တာပါ။
“၇ ရပ်ကွက် နဝရတ်လမ်းထဲမှာ ပေါက်ကွဲတာ ၂ ကြိမ်ဖြစ်ပါတယ်။ အခင်းဖြစ်ပြီး မကြာခင် စစ်သားတွေ ပိတ်ဆို့စစ်ဆေးတာတွေ လုပ်ခဲ့ပြီး အထိအခိုက် ရှိ၊ မရှိကတော့ မသိရသေးပါဘူး” လို့ ဒေသခံတယောက်က ပြောပါတယ်။
ရွှေပြည်သာမြို့နယ်ထဲက စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ တပ်သားတွေ ပတ်သက်နေသူတွေ တည်နေရာ စာရင်းအရ အဲဒီနေရာကို ပထမအကြိမ် ဖောက်ခွဲသတိပေးတာလို့ ရွှေပြည်သာမြို့နယ် မြေအောက်တော်လှန်ရေးအဖွဲ့က ဆိုပါတယ်။
အာဏာရှင်လက်အောက်ကနေ ချက်ချင်း ထွက်ခွာပြီး ပြည်သူ့ရင်ခွင်ကို အမြန်ဆုံးခိုလှုံကြဖို့နဲ့ ဆက်လက်နေကြမယ်ဆိုရင်တော့ အချိန်နေရာမရွေး အရေးယူ အပြစ်ပေးသွားမယ်လို့လည်း ဆိုပါတယ်။
မနေ့ ည ၇ နာရီလောက်က ရွှေညာမောင်မှတ်တိုင်နားမှာလည်း ပေါက်ကွဲခဲ့ပြီး ထိခိုက်တာ ရှိ၊ မရှိ မသိရပေမဲ့ အနားဝန်းကျင်မှာ ရှိတဲ့သူတွေကိုတော့ စစ်သားတွေက စစ်ဆေးမေးမြန်းတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။