မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ နန်းရှေ့ ၁၉ လမ်း ၊ မြို့ပတ်လမ်း အနီးရှိ စစ်ဆေးရေးဂိတ်မှာ စက်တင်ဘာလ ၁၃ ရက် မနက် ၉ နာရီခွဲကျော်လောက်က ပြင်းထန်တဲ့ ဗုံးပေါက်ကွဲမှုဖြစ်ပြီး စစ်ကောင်စီတပ်သား ၄ ဦးထက်မနည်းဒဏ်ရာရရှိသွားပါတယ်။
ဒဏ်ရာရသူတွေကို လူနာတင်ကားတွေနဲ့ သယ်ဆောင်သွားကာ သေဆုံးသူ ရှိနိုင်တယ်လို့ အနီးပတ်ဝန်းကျင်ရှိ မျက်မြင် ဒေသခံ ပြည်သူတွေက ဆိုပါတယ်။
“ပေါက်ကွဲသံကတော့ ပြင်းတယ်။ လူနာတင်ကားတွေနဲ့ ဒဏ်ရာရသူတွေ သယ်သွားကြတာ။ သေဆုံးတာရှိနိုင်တယ်။ တိတိကျကျတော့ မသိရဘူး။” လို့ အနီးပတ်ဝန်းကျင်ရှိ ပြည်သူတစ်ဦး က ပြောပါတယ်။
ဗုံးကွဲပြီး မကြာခင်မှာ စစ်ကောင်စီတပ်သားတွေဟာ သေနတ်နဲ့ ရမ်းပစ်တာတွေလုပ်ခဲ့ပြီး ထိခိုက်မိသူတော့ မရှိဘူးလို့ ကနဦး သိရပါတယ်။