မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ တောင်လျောင်း (ရွာမ) ကျေးရွာမှာ စက်တင်ဘာလ ၁၂ ရက်နေ့နေ့လယ်ပိုင်းက အကြမ်းဖက်စစ်ကောင်စီရဲ့ ပစ်ခတ်မှုကြောင့် ဒေသခံ ညီအစ်ကို ၂ ဦးသေဆုံးသွားပြီး ၄ ယောက် ဖမ်းဆီးထားတာကြောင့် ဒေသခံတွေ ထွက်ပြေးနေကြရတယ်လို့ သိရပါတယ်။
အမည်မဖော်လိုသူ ဒေသခံတဦးက “မနေ့က ကုက္ကိုကုန်းရွာနားက mytel တိုင်ဖျက်ဆီးခံရလို့ လာစစ်တဲ့အဖွဲ့ကို ရွာကဒလန်ကောင်က ရွာထဲမှာ PDF တွေရှိတယ်ဆိုပြီး မဟုတ်မမှန်သတင်းပေးစွပ်စွဲလို့ စစ်ကား ၂ စီးနဲ့စစ်သားတွေ အယောက် ၆၀ လောက်ရောက်လာကြလို့ ရွာခံတွေကကြောက်ပြီးပြေးကြတာကို လိုက်ပစ်တာဗျာ။ ညီအစ်ကို ၂ ယောက်ထိသွားပြီး ဆုံးသွားတယ်။ ရွာသား ၄ ယောက်ကိုလည်း ဖမ်းထားတယ်'' လို့ ပြောပါတယ်။
အကြမ်းဖက်စစ်ကောင်စီရဲ့ပစ်ခတ်မှုကြောင့် သေဆုံးသွားသူတွေကတော့ အသက် ၄၀ အရွယ် ကိုမြတ်စိုး နဲ့ အသက် ၂၀ အရွယ် ကိုပြည့်ကြီးတို့ ညီအစ်ကို ၂ ယောက်ဖြစ်တယ်လို့ သိရပါတယ်။
“သူတို့စစ်သားတွေ ရွာထဲမှာရှိနေလို့ ရွာကလူတွေလည်း တခြားနေရာတွေကို ထွက်ပြေးကုန်ကြပြီ။ ရွာထဲမှာ လူမရှိသလောက်ပဲ။ အသက်အရွယ်ကြီးတဲ့သူတချို့လောက်ပဲ ရွာမှာကျန်နေခဲ့တယ်။ ပြေးတဲ့သူတွေကတော့ ဆွေမျိုးသားချင်းရှိတဲ့ နေရာတွေနဲ့ တောတောင်တွေထဲပေါ့။ ဒလန်တယောက်ကြောင့် ရွာသားတွေ ဒုက္ခရောက်ကုန်ကြရပြီ။ ရွာသားအချင်းချင်းတော့ မလုပ်သင့်ပါဘူး” လို့ ထွက်ပြေးတိမ်းရှောင်လာသူတဦးက ပြောပါတယ်။
တောင်တွင်းကြီးမြို့နယ်၊ တောင်လျောင်း(ရွာမ)ကျေးရွာမှာ အိမ်ခြေ ၂၅၀ ဝန်းကျင်နဲ့ လူဦးရေ ၁၀၀၀ ဝန်းကျင်နေထိုင်ပြီး တောင်တွင်းကြီးမြို့တောင်ဘက် ၁၅ မိုင်ကျော်ဝေးကွာကြောင်း သိရပါတယ်။