မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်က တိုက်ပွဲကျေးရွာ၊ ဖက်သန်းတပ်ကျေးရွာနဲ့ ညောင်မှော်ကျေးရွာတွေမှာ နေထိုင်တဲ့ ဒေသခံပြည်သူ ၁၀ ဦးထက်မနည်းကို စက်တင်ဘာ ၁၁ ရက် မနက် ၁၁ နာရီဝန်းကျင်လောက်မှာ စစ်ကောင်စီတပ်တွေက အကြမ်းဖက်ဖမ်းဆီးသွား ပါတယ်။
ဒေသခံကျေးရွာသားတဦးက “ဘာကြောင့်ဖမ်းတာမှန်းကို မသိရဘူး။ ဖက်သန်းတပ်ရွာကဆို ၆ ယောက်ပါသွားတယ်။ မိန်းကလေးတွေရောပဲ ။ ဟိုဘက်ရွာတွေမှာလည်း အဖမ်းခံရတဲ့သူတွေ ရှိတယ်။တွက်လို့ရသလောက် ၁၀ ဦးထက်တော့ မနည်းဘူး။ ဘယ်ခေါ်သွားမှန်းစုံစမ်းလို့မရသေးဘူး” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ စစ်ယူနီဖောင်းအပြင် အရပ်ဝတ်တွေနဲ့ပါ ကျေးရွာတွေအတွင်း လှည့်ပတ်သွားလာနေတဲ့အတွက် ဖမ်းဆီးခံရမှာ၊ လူမဆန်စွာနဲ့နှိပ်စက်ခံရမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။
အဆိုပါကျေးရွာတွေရဲ့ အနီးတဝိုက်မှာ ပ.ခ.န တပ်၊ က.ပ.စ ၁၈ တပ်နဲ့ ဆောက်လုပ်ရေး GE တပ်တွေ အခြေစိုက်ထားတာ ဖြစ်ပါတယ်။