ရေစကြိုမြို့နယ်ထဲက ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ စက်တင်ဘာ ၁၀ ရက်နေ့က တပြိုင်နက်တည်း နုတ်ထွက်စာတင်ထားကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ရေစကြိုမြို့နယ်ထဲမှာ ဒီကနေ့မနက်ပိုင်းက ပရိမ်သာ၊ မအူအောက်ဆိပ်၊ ကိုင်း၊ မိုးကွဲ၊ ကံဦး စတဲ့ ကျေးရွာတွေအပြင် တစ်ခြားကျေးရွာတွေက ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေလည်း တပြိုင်နက်တည်း နုတ်ထွက်စာ တင်ထားကြတာလို့ ဒေသခံတစ်ယောက်က ပြောပါတယ်။
ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေဟာ အကြောင်းအမျိုးမျိုး ပြပြီးတော့ နုတ်ထွက်စာတင်ကြပေမယ့် NUG အစိုးရက စက်တင်ဘာ ၇ ရက်နေ့မှာ ပြည်သူ့တော်လှန်ရေးနေ့အဖြစ် ကြေညာလိုက်ပြီးနောက်ပိုင်းမှာ စစ်ကောင်စီနဲ့ မပူးပေါင်းချင်တာကြောင့် အခုလို ထွက်စာတင်ကြတာလို့ ဆိုပါတယ်။
ဒါအပြင် မကွေးတိုင်းအတွင်းက မြို့နယ်အသီးသီးမှာလည်း စစ်ကောင်စီနဲ့ မပူးပေါင်းဘဲ ပြည်သူ့ဘက်ကို ရပ်တည်တဲ့ ရပ်ကျေး အုပ်ချုပ်ရေးမှူး အများအပြား နုတ်ထွက်စာတင်ထားကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။