ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ စက်တင်ဘာ ၇ ရက်နေ့ကစတင်ပြီး ဆန် နဲ့ အခြေခံ စားသောက်ကုန်များ ဝယ်ယူစုဆောင်းမှု မြင့်တက်လာတယ်လို့ သိရပါတယ်။
ပြည်သူ့တော်လှန်ရေး (D-Day) စတင်ပြီဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ကြေညာလိုက်တဲ့ စက်တင်ဘာ ၇ ရက်နေ့က စတင်ပြီး မြစ်ကြီးနားမြို့က ဆိုင်အချို့မှာ ဆန် နဲ့ အခြေခံစားသောက်ကုန်များ ပစ္စည်းပြတ်လပ်တဲ့အထိ ရောင်းချခဲ့ရကြောင်း ဆန်ရောင်းဝယ်ရေး ဆိုင်တစ်ဆိုင်က သိရပါတယ်။
ဆန်ရောင်းဝယ်ရေး ဝန်ထမ်းတစ်ဦးက “စက်တင်ဘာ ၇ ရက်နေ့ကဆိုရင် ရောင်းဖို့ ဆန် ပြတ်သွားတဲ့အထိ ရောင်းခဲ့ရတယ်။ ဆိုင်မှာ တစ်ခါမှ အဲဒီလို ပစ္စည်းပြတ်သွားတာ မကြုံဖူးဘူး။ ဒီနေ့လည်း ဆန် အရင်ရက်တွေထက် သိသိသာသာ ဝယ်တဲ့သူ များတယ်” လို့ ပြောပါတယ်။
ဆန်ဝယ်ယူ စုဆောင်းသူ မြင့်တက်လာပေမယ့် စျေးနှုန်း မြင့်တက်မှုမရှိဘဲ ယခင် စျေးနူန်းအတိုင်း ရောင်းချပေးတယ်လို့ ဆိုပါတယ်။
“လွန်ခဲ့တဲ့ ၁၅ ရက်လောက်က စျေးနှုန်းအနည်းငယ်တက်ထားတာပဲရှိတယ်။ D-Day ကြောင့် တက်တာလို့တော့ မဟုတ်ဘူး။ ကျနော်တို့ ဝယ်ရင်းစျေးကကိုတက်တော့ လိုက်တက်ရတာ။”
ဒါ့အပြင် ဆီ၊ ခေါက်ဆွဲခြောက်၊ ဆီသွတ်ဘူး နဲ့ အခြား စားသောက်ကုန်တွေလည်း စျေးနှုန်းအနည်းငယ်မြင့်တက်လာပြီး အချို့ Mini Mart တွေမှာ ပစ္စည်းပြတ်လပ်တဲ့အထိ ရောင်းချခဲ့ရပါတယ်။