စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ဖန်းကားစင်ကျေးရွာသားတစ်ဦးကို စက်တင်ဘာ ၄ ရက် ည ၉ နာရီလောက်မှာ စစ်တပ်က ပစ်ခတ်သတ်ဖြတ်သွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ကလေးတွေက သူငယ်ချင်းသုံးယောက် သွားကြတာလို့ ပြောတယ်ဗျ။ ကျေးရွာတွေဆိုတော့ လူငယ်သဘာဝ သွားကြလာကြတာ ဖြစ်ချင်ဖြစ်မှာပေါ့။ အဲဒါ တန့်ဆည်ဘက်က စစ်တပ်နဲ့တွေ့ပြီး ပစ်ခတ်ခံရတာ။ သူတို့သုံးယောက်ထဲက တစ်ယောက်က ရွာပြန်ရောက်တယ်။ တစ်ယောက်က ပစ်ခံရတဲ့အနားမှာပဲ သေဆုံးတယ်။ တစ်ယောက်က ပျောက်နေတာဗျ။ ဖမ်းသွားသလား၊ ပြေးနေသလား မသိရဘူး။ အခုထိ အဆက်အသွယ်မရသေးဘူး” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
သေဆုံးသူဟာ အသက် ၂၁ နှစ်အရွယ် ကိုခိုင်ဇော်လို့ သိရပြီး၊ အင်တောကျေးရွာနဲ့ ပုဏ္ဏကားကျေးရွာအကြား ပစ်ခတ်ခံရတာလို့ ဆိုပါတယ်။
ရေဦးမြို့နယ်၊ ဖန်းကားစင်ကျေးရွာဟာ တန့်ဆည်မြို့နယ်နဲ့ ချုပ်စပ် ရေဦး-တန့်ဆည် ကားလမ်းမဘေးမှာ တည်ရှိတဲ့ရွာကြီးတရွာလည်း ဖြစ်ပါတယ်။
တန့်ဆည်မြို့က ရဲနှစ်ဦး အသတ်ခံရပြီးနောက်ပိုင်း လှည့်ကင်းရဲနဲ့ စစ်တပ်က ရေဦး-တန့်ဆည် ကားလမ်းတလျှောက်က အပြစ်မဲ့ပြည်သူတွေကို ရိုက်နှက်နှိပ်စက် ပစ်ခတ်တာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။